“ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည် ”

“ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည် ”
နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

အခုရက်ပိုင်း သတင်းဌာနတွေမေးသမျှ အဖြေရဆုံး မေးခွန်းတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့် အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးဌာန လေးခုကို ကိုင်တွယ်မယ်၊ ဆိုတော့ သူဘာကြောင့် အဲလို ဝန်ကြီးဌာန အများကြီး ယူရသလဲ၊ သူလုပ်နိုင်ပါ့မလား၊ အခြားသူတွေကို တာဝန်ပေးလိုက် ရင်ရော မဖြစ်နိုင်ဘူးလား၊ ဆိုတာပါပဲ။ ဒီကနေ့ အဲဒီအကြောင်း သုံးသပ်ကြည့်ပါမယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အရင်စစ်အာဏာရှင်တွေက တမင်ကလာ ထည့်သွားတဲ့ ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉(စ) ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ခွင့် မရပါဘူး။ ဒါပေမယ့် အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ ဆိုတာကတော့ ဘာမှ အခက်အခဲ မရှိပါဘူး။ ဒီအတွက် သူ့ကို အကူအ ညီပေးနိုင်မယ့် ဦးထင်ကျော်ကို သမ္မတအဖြစ် တင်မြှောက်ပါတယ်။ ဝန်ကြီးဌာန ၃၆ ခုကနေ ၂၁ ခုအ ထိ လျော့ချပြီး၊ ဝန်ကြီးကိုလည်း ၁၈ ယောက်ပဲ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ် ဟာ အရင် နှစ်ပေါင်းများစွာ ကျင့်သားရလာပြီဖြစ်တဲ့ ခေါက်ရိုးကျိုး ယန္တယားကို ပြည်သူကို အလုပ်အကျွေးပြုရမယ် ဆိုတဲ့ အနှစ်သာရ အသစ်နဲ့သာမက ပုံသဏ္ဍာန် အသစ်နဲ့ပါ ကိုင်တွယ်ချင်ပုံ ရပါတယ်။ ဒါမှသာ အဆင့်ဆင့်သော ဝန်ထမ်း အသီးသီးဟာ ခေတ်သစ် စနစ်သစ်ကို ထိတွေ့ သိရှိနိုင် မှာဖြစ်ပြီး စိတ်ပါလက်ပါ လိုက်ပါဆောင်ရွက်နိုင်မှာပါ။ အခုလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပုံသ ဏ္ဍာန်အသစ်ကို ကျင့်သုံးတယ်ဆိုတာလည်း အသေချည်းပဲတော့ မဟုတ်ပါဘူး။ အချိန်မရွေး ပြောင်းလို့လွယ်၊ ပြင်လို့ လွယ်ပါတယ်။ လိုအပ်လို့ ဝန်ကြီးဌာန ထပ်တိုးတာကို လွယ်လွယ်ကူကူ လုပ်နိုင်သလို၊ လျော့ချတာလည်း လုပ်လို့ရပါတယ်။ တာဝန်မကျေတဲ့ ဝန်ကြီးတွေကိုလည်း အချိန်မ ရွေး ဖြုတ်လို့၊ လဲလို့ ရပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးဌာန ဘယ်နှစ်ခုကို မဆို ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ ကိုင်တွယ်ကို ကိုင်တွယ်ရမယ့် ဝန်ကြီးဌာန နှစ်ခုတော့ ရှိနေပါတယ်။ အဲဒါတွေကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သမ္မတ ရုံးဝန်ကြီးဌာနပါ။ အားလုံးသိ ကြပြီဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံအရ နိုင်ငံခြားရေးဝန်ကြီးဟာ တိုင်းပြည်မှာ အရေးကြီးတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်ပါ။ ကာလုံလို့ခေါ်တဲ့ အဲဒီ အဖွဲ့ထဲမှာ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်၊ ဒုတပ်ချုပ်တို့ ပါဝင်နေတာမို့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးလို့ ရပါတယ်။ အနာဂတ် လွှတ်တော်၊ အစိုးရအဖွဲ့ဆိုတာဟာ ရွေးကောက်ခံတွေနဲ့ တပ်မတော် စစ်အရာရှိတွေ ပေါင်းစပ်ထား တာမို့၊ ငြိမ်းချမ်းရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နောက်ပိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ရာမှာ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ မလွဲမသွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် နေပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ ပုံမှန် တွေ့ဆုံနိုင်မယ့် ကာ-လုံထဲ ရောက်ဖို့ နိုင်ငံရေးခြားရေး ဝန်ကြီးရာထူး ယူဖို့လိုတာ ဖြစ်ပါတယ်။

နောက်တစ်ခုက သမ္မတရုံး ဝန်ကြီးတာ<န်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတကြီး ဦးထင်ကျော်နဲ့ နီးနီးကပ်ကပ် ပူးတွဲ အလုပ်လုပ်ဖို့ လိုပါတယ်။ သမ္မတဦးထင်ကျော်ဟာ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီရပါမယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတရုံးဝန်ကြီး တာဝန် ယူရတာပါ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံ ပညာရေး စနစ်ဟာ ပြိုလဲ ပျက်စီးနေတဲ့ အဆင့်ပါ။ လူတိုင်းလူတိုင်း ပညာရေး ကျဆင်းနေပါပြီလို့ နှုတ်ကနေ တဖွဖွ ပြောဆိုတာထက် ပိုဆိုးပြီး နက်နက် ရှိုင်းရှိုင်းကို ပျက်စီးနေတာပါ။ ပညာရေးကို နိုင်ငံတကာ အဆင့်အတန်း နည်းတူ ပြန်ဖြစ်လာအောင် လုပ်ရမယ့် ကိစ္စ ရုပ်ဝတ္တု သက်သက်လောက်နဲ့ လုံလောက်တာမျိုး မဟုတ်ပါဘူး။ ဆရာ ဆရာမတွေလို သိန်းနဲ့ချီရှိတဲ့ လူသား အရင်းအမြစ်တွေ လိုပါတယ်။ သန်းပေါင်းများစွာရှိတဲ့ မိဘတွေ၊ ကျောင်းသားကျောင်းသူတွေရဲ့ အတွေးအခေါ်ပိုင်းတွေကိုလည်း ပြုပြင်ဖို့ လိုပါတယ်။ မှန်ကန်တဲ့ ပေါ်လစီချပြီး လုပ်တာတောင် တစ်နှစ် နှစ်နှစ် လေးငါးနှစ်နဲ့ ဘာမှ ကောင်းကောင်း ဖြစ်လာမှာ မဟုတ်သေးပါဘူး။ လုပ်ရကိုင်ရ အလွန်ခက်ခဲသလို၊ နှစ်ပေါင်းများစွာကြာမှ အသီးအပွင့် ရလာမှာပါ။ ဥပမာ ၂၀၁၆ ခုနှစ်မှာ သင်ရိုးညွှန်းတန်း ပြောင်းပြီး မူလတန်း ကလေးတွေကို စနစ်သစ်နဲ့ စ သင်တယ် ဆိုပါစို့။ တစ်နှစ် တစ်တန်း အပြောင်းအလဲ လုပ်သွားတာတောင် အဲဒီ ပထမအဆင့် အပြောင်းအလဲ ၂၀၃၂ လောက်မှ ပြီးပါလိမ့်မယ်။ ဒါတောင် အဲဒီအချိန် ဘွဲ့ရတဲ့ ကလေးတွေ တကယ် ပညာတတ် ဘွဲ့ရ ဖြစ်မယ်လို့ အပ်ချမှတ်ချ မပြောနိုင်ပါဘူး။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ထဲက အခက်ခဲဆုံး ဝန်ကြီးဌာနတစ်ခု ဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနကို ခေါင်းခံ တာဝန်ယူလိုက်တယ်လို့ ဆိုရင် မမှားပါဘူး။

နောက်တစ်ခုကတော့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနပါ။ လျှပ်စစ်လည်း ထိုနည်း၎င်းပါပဲ။ လက်ရှိ မြန်မာနိုင်ငံမှာ မိသားစု ၁၀ သန်းကျော် ရှိတဲ့အနက် ၃-၄ သန်းလောက်ပဲ လျှပ်စစ် သုံးနိုင်ပါသေးတယ်။ ကျေးလက် သုံးပုံနှစ်ပုံလောက် မီးမရသေးပါဘူး။ လိုအပ်ချက် အလွန်ကြီးမားပါတယ်။ တစ်ဖက်မှာလည်း အရင်အာဏာရှင်တွေကြောင့် တိုင်းပြည် ဆင်းရဲမွဲတေခဲ့တော့ လျှပ်စစ်ရရှိရေး အကောင်အထည် ဖော်ရာမှာ ငွေအရင်းအနှီးကလည်း မရှိပြန်ပါဘူး။ ရေအား၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေကလည်း နေရာအနှံ့မှာ ကန့်ကွက်ခံနေရတာပါ။ နောက် တိုင်းပြည်မှာ အကဲဆတ်တဲ့ မြစ်ဆုံ စီမံကိန်းလို ကိစ္စမျိုးကလည်း ဒီ ဝန်ကြီးဌာန လက်အောက်မှာ ရှိနေပြန်ပါတယ်။ ဒါကြောင့် ဒီ အလွန်ဖြေရှင်းရ ခက်ခဲတဲ့ ပြသနာကြီးကို ခေါင်းခံ ကိုင်တွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနကို ကိုင်တွယ်တယ် လို့ သုံးသပ်နိုင်ပါတယ်။

ခြုံပြီးပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ မဖြစ်မနေ တာဝန်ယူကို ယူရမယ့် ဝန်ကြီးဌာနတွေကို တာဝန်ယူသလို၊ အခက်ခဲဆုံးလို့ ဆိုနိုင်တဲ့ ဝန်ကြီးဌာန နှစ်ခုကိုလည်း ခေါင်းဆောင်ကောင်း ပီသ စွာ ခေါင်းခံ တာဝန်ယူခဲ့တာ ဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required