မတ္တရာမြို့နယ်တွင် သင်္ကြန်အကြိုနေ့ကဖမ်းဆီးခံရသည့် လူငယ် ၇ ဦး မိသားစုနှင့် အဆက်အသွယ် ပြတ်နေ

By 008 (မဇ္ဈိမ)
19 April 2023
မတ္တရာမြို့နယ်တွင် သင်္ကြန်အကြိုနေ့ကဖမ်းဆီးခံရသည့် လူငယ် ၇ ဦး မိသားစုနှင့် အဆက်အသွယ် ပြတ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃ရက်) က ဖမ်းဆီးခံခဲ့ရသည့် လူငယ် ခုနစ်ဦး မိသားစုဝင်များနှင့်အဆက်အသွယ်မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ထိုလူငယ်များသည် ကျောက်တံတားကျေးရွာနှင့် ကင်းကျေးရွာတို့မှဖြစ်ပြီး ဆိုင်ကယ်ဝယ်ယူရန် မတ္တရာမြို့သို့  သွားရောက်ကြသူများဖြစ်ပြီး မြို့အဝင်တွင် ဖမ်းဆီးခံရခြင်းဟု သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။

"ပြန်မလာလို့ လိုက် မေးမြန်းကြည့်မှ အဖမ်းခံထားရတာ သိတယ်။ ဘယ်မှာ ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး။ ဒီနေ့အထိ အဆက်သွယ်မရလို့ စိတ်ပူ နေရတယ် "ဟု ဖမ်းဆီးခံရသူများအနက်မှ လူငယ်တစ်ဦး၏ မိခင်ကပြောသည်။

ကျောက်တံတားကျေးရွာ ဒေသခံတစ်ဦးကလည်း " ကလေးတွေက ၁၉ ၊၂၀ အရွယ်တွေပါ။ သူတို့က ဆိုင်ကယ်ဝယ်ရောင်း လုပ်နေကြတဲ့ ကလေးတွေပါ။ နိုင်ငံရေး ဘာညာ ပတ်သက်တာတော့ မကြာမိဘူး "ဟု ပြောသည်။

အလားတူ အခြားလူငယ်တစ်ဦး၏ မိခင်ကလည်း"သူတို့ လိုချင်တဲ့ ပုံစံ စွပ်စွဲ ပုဒ်မတွေ အတပ်ခံရမှာကြောက်တယ်"ဟု ၎င်း၏စိုးရိမ်နေမှုကိုပြောပြသည်။

ဖမ်းဆီးခံထားရသူများနှင့် အဆက်သွယ်ရရှိရန် ကူညီပေးနေသည့် ရပ်မိ၊ရပ်ဖတစ်ဦးက   " အဖမ်းခံရတယ် ဆိုတာပဲသိတယ်။ ရုံးတွေ ရဲစခန်းတွေ အဝင်အထွက်ရှိတဲ့သူတွေကို မေးမြန်း ခိုင်းတော့လည်း မထူးဘူး "ဟုပြောသည်။

မတ္တရာမြို့ခံတစ်ချို့၏ အဆိုအရ သင်္ကြန်အကြိုနေ့တွင် မတ္တရာမြို့ အဝင်၊ အထွက်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူ တချို့ ရှိသော်လည်း အများစုကို ပြန်လည်လွှတ်ပေးခဲ့သည်ကို မြင်တွေ့ရကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် မတ္တရာမြို့နယ်အတွင်းတွင် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း မကြာခဏ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required