စစ်ကိုင်း ရွှေကြွယ်ပုံကျေးရွာက ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲရာ ၇ ဦးသေဆုံး

By 007 (မဇ္ဈိမ)
14 April 2023
စစ်ကိုင်း ရွှေကြွယ်ပုံကျေးရွာက ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲရာ ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ရွှေကြွယ်ပုံကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၃ရက် အကြိုနေ့ ညနေပိုင်းက ရေကစားမဏ္ဍပ်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲသဖြင့် ခုနစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

“ပျူစောထီးကြီးစိုးတဲ့နေရာ။ သောက်စားပျော်ပါးနေချိန် ဒရုန်းနဲ့ ဗုံးပစ်ခံရတာ၊ အယောက်သုံးဆယ်ကျော် ဒဏ်ရာရပြီး အဲဒီထဲက သုံးယောက်က ပွဲချင်းပြီးသေတယ်။ နောက်ထပ်လေးယောက်က ဒီမနက်ထပ်သေတယ် အားလုံးပေါင်း ခုနစ်ယောက်ပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ညနေ ၅ နာရီကျော်ခန့်က ရေကစားမဏ္ဍပ်ပေါ် ဗုံးပေါက်ကွဲပြီး သေဆုံးထိခိုက်မှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဒေသခံများ၏အပြောအရ ကျေးရွာစာသင်ကျောင်းအနီး မဏ္ဍပ်ထိုး၍ ပျူစောထီးဆိုသူတို့၏ ရေကစားကြသည့် မဏ္ဍပ် ဗုံးပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံကဆိုသည်။ 

အဆိုပါ ပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“သူတို့ခံလိုက်ရတော့ မနေ့ကတစ်ညလုံး ရွာနီးချုပ်စပ် အကုန်လုံးကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းထုတာ အခု မနက် အကုန်ထွက်ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ရွှေကြွယ်ပုံကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာလျက်ရှိသည့် ဒေသဖြစ်ကြောင်းလည်း သိရသည်။

သင်္ကြန်အကြိုနေ့က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ရေကစားမဏ္ဍပ်အနီး ကားဗုံးပေါက်ကွဲမှုကြောင့် ခြောက်ဦးသေဆုံးကာ ကားကိုး စီးနှင့် ဆိုင်ကယ် ခုနစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly