ပဇီကြီးကျေးရွာအား လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၆၅ ဦးထိရှိလာ

By ဂျူချန်း (မဇ္ဈိမ)
13 April 2023
ပဇီကြီးကျေးရွာအား လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၆၅ ဦးထိရှိလာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်မြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာအား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ဧပြီလ ၁၂ ရက်နေ့ ညပိုင်းအထိရရှိသည့်စာရင်းအရ သေဆုံးသူ ၁၆၅ ဦး ထိရှိလာပြီဖြစ်ကြောင်းသိရသည်။

“ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ၊ သေဆုံးသူ  ၁၆၅ ဦးရှိပါပြီ။ ၁၂.၄.၂၀၂၃ ညအထိ” ဟု NUG ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ရွှေပုံ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့၌ ဖော်ပြထား သည်။

မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကိုကျော်ဝဏ္ဏအား မဇ္ဈိမမှဆက်သွယ်မေး မြန်းရာတွင် ဧပြီ ၁၂ ရက်နေ့ နံနက်ပိုင်းက လေယာဉ်ဖြင့်ကင်းထောက်နေသကဲ့သို့ မြေပြင်မှလည်း ထိုး စစ်ဆင်နိုင်သည့် အနေအထားရှိသဖြင့် ၎င်းတို့အဖွဲ့မှ ကယ်ဆယ်ရေးရပ်နားထားရကြောင်း ပြောသည်။ 

ယမန်နေ့ ညနေအထိ ပဇီကြီးကျေးရွာ၏ သုံးပုံနှစ်ပုံကိုသာ စာရင်းကောက်ယူနိုင်ခဲ့ပြီး သေဆုံးသူ ၁၁၄ ဦး အားအတည်ပြုကြောင်းပြောသည်။ ပဇီကြီးကျေးရွာနှင့် အခြားကျေးရွာများမှ သေဆုံးသူများလည်း ကျန်ရှိ နေသေးသဖြင့် သေဆုံးသူတိုးလာနိုင်ကြောင်းဆိုသည်။

“ပဇီကြီးကျေးရွာ သုံးပုံနှစ်ပုံလောက်ပဲ စာရင်းကောက်နိုင်သေးတယ်။ အဲဒီအထိကို ကျားမခွဲလို့မရသေး ဘူး။ ၁၁၄ ယောက်ရှိသွားပြီ။ ၁၅၀၊ ၁၆၀ ထိ ဖြစ်သွားနိုင်တဲ့ အနေအထားတစ်ခုပဲ။ သေဆုံးသူက တိုး နေဦးမှာ။ မနေ့က မြေပြင်အခြေအနေ ဆင်းကောက်တာတောင်မှ ၁၁၄ ယောက် ရှိသွားပြီ။ အဲ့ဒါက မပြီး သေးဘူး” ဟု ကိုကျော်ဝဏ္ဏက မဇ္ဈိမ ကိုပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၅၀ ဦးထက်မနည်းရှိရာ ရရှိထားသည့်အချက်အလက်ရ လေးဦးသေဆုံး ခဲ့ပြီဖြစ်ပြီး သေဆုံးမှုအရေအတွက် တိုးလာနိုင်သည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပဇီကြီးကျေးရွာမှ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တံခါးပိတ်အစည်းအဝေးပြုလုပ်လျက်ရှိကြောင်း သိရ သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly