ပဇီကြီးရွာလူသတ်ပွဲ စစ်ကောင်စီ ဘယ်လို ကျူးလွန်ခဲ့သလဲ(ဆောင်းပါး)

By မောင်ကြီး
12 April 2023
ပဇီကြီးရွာလူသတ်ပွဲ စစ်ကောင်စီ ဘယ်လို ကျူးလွန်ခဲ့သလဲ(ဆောင်းပါး)
လေကြောင်းတိုက်ခိုက်ခံရသည့် နေရာအနီး ဧပြီ ၁၁ ရက် နံနက် ၉နာရီခန့်က မြင်ကွင်း

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကျူးလွန်ခဲ့သမျှ လေကြောင်းတိုက်ခိုက်မှုများတွင် အဆိုးရွားဆုံးအဖြစ် ပဇီကြီးရွာတိုက်ခိုက်ခံရမှုက မှတ်တမ်းဝင်သွားသည်။ သေဆုံးသူ အရေအတွက်သည် တရိပ်ရိပ်မြင့်တက်နေပြီး နောက်ဆုံးရရှိထားသော စာရင်းများအရ သေဆုံးသူ ၁၅၀ ကျော်အထိ ရောက်ရှိလာသည်။ လူသားမျိုးနွယ်အပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ရာဇ၀တ်မှုဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြစ်တင်ရှုတ်ချထားသည်။ စစ်ကောင်စီ၏ ထိုလုပ်ရပ်အပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာက ကန့်ကွက်နေသည်။ ပြည်သူလူထုက စစ်အာဏာရှင်ကို ပိုပြီး ရွံမုန်းလာသည်။ ‌စစ်ကောင်စီ သက်ဆိုးရှည်နေမှုကို အမြစ်ဖြတ်ရပ်တန့်ပစ်ရန် တော်လှန်ရေးအင်အားစုများက ‌ကြွေးကြော်နေသည်။

ယခုဆောင်းပါးသည် မိနစ်ပိုင်းအတွင်း လူ ၁၀၀ ကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသော ပဇီကြီးရွာ ငရဲခန်းနှင့် နောက်ဆုံးအခြေအနေကို စုံစမ်းရေးသားထားခြင်းဖြစ်သည်။

- ပဇီကြီးရွာအနိဋ္ဌာရုံမြင်ကွင်းကို ပထမဆုံး မြင်တွေ့ ခဲ့သူ

ကန့်ဘလူမြို့နယ်မှ ကိုကျော်၀ဏ္ဏနှင့် ဒေသခံ အမျိုးသားငါးဦးသည် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုအပြီးတွင် ပဇီကြီးရွာသို့ ပထမဆုံးရောက်ရှိခဲ့သူများထဲတွင် ပါဝင်သည်။ ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ရုံးရှေ့ ကတ္တရာလမ်းမပေါ်သို့ ကမန်းကတန်းရောက်သွားချိန်တွင် ကိုကျော်ဝဏ္ဏတို့ သွေးပျက်သွားသည်။ သူ့ဘေးပတ်ပတ်လည်မှ သွေးအလိမ်းလိမ်းနှင့် မြင်ကွင်းက ထိန့်လန့်ဖွယ်ရာအတိ။ သွေးညှီနံ့များ၊ ညှော်နံ့များ လှိုင်နေသည်။ ထရံကာသွပ်မိုး ပြည်သူ့လုံခြုံရေးအဖွဲ့ရုံးက စုတ်ပြတ်သပ်နေသည်။ သစ်ပင်၊ သစ်ကိုင်းများက မီးစွဲလောင်ထားသည်။ ဆိုင်ကယ်တွေက မီးကျွန်းနေသည်။ အိုး၊ ခွက်တွေက ကျိုးပဲ့ကာ တစ်နေရာစီ လွင့်စင်နေသည်။ လုံးပတ် ‌လက်ကောက်ဝတ်ခန့်ရှိသော ကျည်ခွံများက မြေပြင်ပေါ် ‌ပုံထပ်နေသည်။ ထို့ထက်ဆိုးသည်က အပိုင်းပိုင်းပြတ်နေသော လူ့ကိုယ်ခန္ဓာအပိုင်း အစများက မီးသင့်မြေပေါ်တွင် ပြန့်ကြဲနေသည်။

လက်ကောက်ဝတ်နေရာမှ ပြတ်နေသည့် ကလေးငယ်တစ်ဦး၏ လက်ပြတ်တစ်ခုကို သူအရင်ဆုံး စတွေ့သည်။ ကလေး၏ ခန္ဓာကိုယ်ဘယ်မှာလဲလို့ တွေးမိရုံရှိသေးသည်။ ‌ပေါင်ရင်းမှပြတ်နေသော နောက်ထပ် ကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ပြန်သည်။ ဘေးပတ်ချာလည်ကို ကြည့်မိချိန်မှာတော့ ကိုကျော်ဝဏ္ဏ ရုတ်တရက် သတိလွတ်သွားပြီး မြင်ကွင်းကို စက္ကန့်ပိုင်းမျှ ကြောင်ကြည့်နေမိသည်။ ပြာမှုန်တွေ၊ ဖုန်တွေ ပေကျံနေပြီးတစ်ဦးနှင့်တစ်ဦး ထပ်လျက်သေဆုံးနေသူများ၊ ငုတ်တုပ်ထိုင်လျက်အနေအထားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းများ။ လူကိုယ်ခန္ဓာအစိတ်အပိုင်းအချို့က အမိုးဟင်းလင်းပွင့်သွားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ရုံး ထုပ်တန်းပေါ် တွဲကျနေသည်။ ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့သည် ပေ ၁၀၀ ခန့်အထိ လေးဘက်လေးတန် လွင့်စင်သွားပြီး မြေပြင်ပေါ် ပြန့်ကြဲနေသလို သစ်ပင်သစ်ကိုင်းများ၊ ချုံပုတ်များပေါ်တွင် တင်နေသည်။

ယုံကြည်နိုင်စရာမရှိသည့် အခြေအနေကို ကြည့်ရင်း ကြက်သေ သေနေမိသည့် ကိုကျော်၀ဏ္ဏတစ်ယောက် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်လိုက်သည်။စိတ်ကို ငြိမ်အောင်စုစည်းလိုက်ချိန်တွင် သူ့ ရှင်းရှင်း လင်းလင်း ကြားရသည်က "ကယ်ကြပါ၊ ကယ်ကြပါ" ဟူသော အော်ဟစ်ငိုညည်းသံများဖြစ်သည်။

" ကယ်ကြပါ၊ ကယ်ကြပါအုံး၊ သားကို ကယ်ပါ၊ သမီးတို့ကိုကယ်ပါ။ ကျွန်မသားလေးကို ကယ်ပေးပါ"

သွေးအလိမ်းလိမ်းဖြစ်နေသော ဒဏ်ရာရသူများထံမှ ထွက်ပေါ်‌နေသော အော်ဟစ်အကူအညီတောင်းသံများက ညည်းညူသံများကြား ရောထွေးနေသည်။

"လာကယ်မယ်။ အော်သံကြားရင် လာကယ်မယ်" ဟု ကိုကျော်ဝဏ္ဏတို့လူတစ်စုက ပြန်‌အော် ပြောရင်း ဒဏ်ရာရသူများကို ပွေ့ယူသယ်ဆောင်ကြသည်။ ရုပ်အလောင်းများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများကမူ တစ်စစီ ပြန့်ကြဲနေသည်။

ထိုမြင်ကွင်းက ယမန်နေ့ ဧပြီလ ၁၁ရက် နံနက် ၈နာရီခန့်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်မြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာ မြင်ကွင်းဖြစ်သည်။ ပဇီကြီး ရွာကို စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၁ရက် နံနက် ၇ နာရီ ၄၅ မိနစ်တိတ်ိတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို ကိုကျော်ဝဏ္ဏတို့က ခပ်လှမ်းလှမ်းတစ်နေရာမှ မျက်မြင်‌တွေ့ခဲ့ကြသည်။

- ပဇီကြီးရွာကို စစ်ကောင်စီက ဘယ်လိုတိုက်ခိုက်ခဲ့တာလဲ

ဧပြီလ ၁၁ရက် နံနက်သည် ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးရုံးတွင် ရပ်ရေးရွာရေးဆွေးနွေးရန်နှင့် ရွာအလှူပွဲကျင်းပရန် ဒေသခံများက ချိန်းဆိုစုဝေးနေခဲ့သည်။ ပြည်သူ့လုံခြုံရေးရုံးရှေ့တွင် မဏ္ဍပ်ထိုးထားသည်။ အညာဒေသအလှူတို့၏ ထုံးစံအတိုင်း အကျွေးအမွေး အစီအစဉ်ပါသည်။ သင်္ကြန်အကြိုကာလဖြစ်သလို နိုင်ငံရေး ပုံမှန်အခြေအနေတွင် အလှူပွဲများ ရွာလုံးကျွတ်ကျင်းပလေ့ရှိသည့်အတွက် စစ်အာဏာရှင်လက်ထက် ပွဲငတ်နေသော ဒေသခံများသည် ပဇီကြီးရွာအလှူက်ို အားခဲထားကြသည်။ အလှူပွဲနေ့တွင် ပဇီကြီးရွာအပြင် ဘေးပတ်ဝန်းကျင်ရှိ ရွာသာယာ၊ ခင်ဦး၊ လေးတွင်းစင်၊ မယ်ဇတော၊ မလည်နှင့်ထနောင်းကိုင်းကြီးရွာတို့မှ ဒေသခံများ သည် ပဇီကြီးရွာအလှူမဏ္ဍပ်သို့ ရောက်ရှိနေသည်။

ထိုနေရာသည် မကြာမီမိနစ်အနည်းငယ်အတွင်း သုသာန်တစပြင်ကဲ့သို့ စစ်ကောင်စီက ပုံဖော်ပစ်မည်ကို သူတို့ မသိရှာကြ။

ထိုအလှူသို့ ကိုကျော်ဝဏ္ဏနှင့်သူငယ်ချင်း ငါးယောက်က ဆိုင်ကယ်သုံးစီးဖြင့် လာခဲ့ကြသည်။ ပဇီကြီးရွာသို့ မရောက်ခင် တစ်မိုင်ခန့်အကွာ၊ ဒေသစံတော်ချိန် နံနက် ၇နာရီ ၄၄ မိနစ်ခန့်တွင် ကိုကျော်ဝဏ္ဏတို့ ခေါင်းပေါ်မှတစ်ဆင့် ဂျက်ဖိုက်တာ တစ်စီးက ပဇီကြီးရွာဖက်သို့ ဦးတည် ပျံသန်းသွားသည်။ ချက်ချင်းဆိုသလို ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရသည်။ ပဇီကြီးရွာကိုလေကြောင်းမှ ပထမဆုံးစတင်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ‌နောက်တစ်မိနစ်ခန့်အကြာတွင် တိုက်ခိုက်ရေးရဟတ်ယာဉ် Mi -35တစ်စီးက နောက်မှ ကပ်လိုက်လာပြီး စက်သေနတ်ဖြင့် ပတ်ချာလည် လှည့်ပစ်တော့သည်။ Mi -35ပေါ်မှ ၁၅မိနစ်၊ မိနစ် ၂၀ခန့်အထိ စိတ်ကြိုက်ပစ်ခတ်ပြီးမှ ပြန်လှည့်သွားခြင်းဟု ကိုကျော်ဝဏ္ဏကဆိုသည်။

" ကျည်ခွံတွေက ကြောက်စရာကြီးတွေ။ အများကြီးပဲ။ နောက်မှာ ပန်ကာဒလက်လိုဟာတွေပါတယ်။ အတွဲလိုက် မိုးရွာသလို ပြုတ်ကျတာ" ဟု အသက်ဘေးမှ လွတ်မြောက်ခဲ့သူများနှင့် တွေ့ဆုံခဲ့သော ကိုကျော်၀ဏ္ဏက ပြောပြသည်။

နံနက် ၇နာရီ ၄၄ မိနစ်ခန့်အထိ လူစုလူဝေးဖြင့် စည်ကားနေ‌ခဲ့သော ပဇီကြီးရွာသည် နံနက် ၇နာရီ ၄၅မိနစ်တွင်တော့ လူသေရုပ်အလောင်းတွေ ဟိုတစ်စု ဒီတစ်စု ပုံနေသည့် ဖုန်းဆိုးမြေလို ဖြစ်သွားသည်။

- အသက်ချင်းထပ်ခဲ့ရသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်

ပဇီကြီးရွာ လေကြောင်းမှတိုက်ခိုက်ခံရပြီး မိနစ်အနည်းငယ်အကြာတွင် ဘေးပတ်ဝန်းကျင်ရွာများမှ ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဇီကြီးရွာသို့ အပြေးအလွှားရောက်လာခဲ့ကြသည်။

ဒဏ်ရာရသူများကို လိုက်ရှာပြီး ဆေးကုရမည့်နေရာသို့ ပို့ဆောင်ကြသည်။ ပြန့်ကြဲနေသောကိုယ်အင်္ဂါအစိတ်အပိုင်းများကို လိုက်လံကောက်ယူကြသည်။ ရုပ်အလောင်းများကို ရနိုင်သမျှ စုစည်းကြသည်။ ရုပ်အလောင်းများအားလုံးသည် ကြည့်ရှုရန်မသင့်တော်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၍ ထိုနေရာမှာပင် ချက်ချင်းမီးရှို့သင်္ဂြိုဟ်ခဲ့ကြသည်။ ပထမနေ့ ဧပြီလ ၁၁ရက်တွင် စုစု‌ပေါင်း ရုပ်အလောင်း ၅၀ ကျော် မီးရှို့သင်္ဂြိုဟ်ခဲ့ကြသည်။

သက်လတ်ပိုင်းအရွယ်ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လတ်တလော သူတို့ လုပ်ရမည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို အာရုံစိုက်လုပ်‌နိုင်ကြသော်လည်း လူငယ်အများစုက တောက်တစ်ခေါက်ခေါက်ဖြင့် ငိုကြွေးနေကြသည်။ သွေးပျက်ဖွယ်မြင်ကွင်းကိုကြည့်ရင်း အံကြိတ် ငို ကြွေးနေကြသည်။ ငယ်ရွယ်သူအချို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားမည့်အရေးတွေးကာ ပြန်လွှတ်လိုက်ရသည်။ ပဇီရွာ၏ လတ်တလောအခြေအနေသည် ထိုမျှလောက်အထိ ဆိုးသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ ရဲဘော်တစ်ဦးကပြောသည်။

" ကာကွယ်ရေးရဲဘော်တွေက တော်ရုံတန်ရုံငိုကြတာမဟုတ်ဘူး။ မနေ့က သူတို့အရမ်းငိုကြတယ်။ ကျွန်တော်တို့တောင် ပြန်အော်လိုက်ရတယ်။ ရုပ်အလောင်းတွေကို အချိန်မီ သင်္ဂြိုဟ်ဖို့ လုပ်ရဦးမှာဆိုတော့ စိတ်မခိုင်တဲ့ ရဲဘော်တွေကိုလည်း ပြန်လွှတ်လိုက်ရပါတယ်" ဟု PLA ရဲဘော်ကဆိုသည်။

ရှာ‌ဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နေစဉ် လေကြောင်းမှ နောက်တစ်ကြိမ် လာရောက် တိုက်ခိုက်မည်ဟူသောသတင်းများ ထွက်ပေါ်‌ နေသည်။ နေ့ လယ် ၁နာရီခန့်တွင် စစ်ကောင်စီ၏ Mi -35 ရဟတ်ယာဉ်တစ်စီး ပျံတက်လာ၍ ကယ်ဆယ်ရေးလုပ်နေသူများထွက်ပြေးခဲ့ရသည်။ စစ်ကောင်စီက ကင်းထောက်ပြီး ပြန်လှည့်သွားခြင်းဖြစ်သည်။

ထို့နောက် ဒေသခံအရပ်သားများနှင့် ကာကွယ်‌ရေး ရဲဘော်များသည် ကျည်ကွယ်မျက်ကွယ်တွင် ‌ပုန်းအောင်းနေရာမှ ပြန်ထွက်လာပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်ကြသည်။

သေဆုံးသူများကျန်ခဲ့သည့် ဖုန်းကို ကျန်ရစ်သူမိသားစုဝင်များက ဖုန်းခေါ်မေးလာကြစဉ် မည်သူမည်ဝါမှန်းမသိသည့် ရုပ်အလောင်းများကိုကြည့်ရှုရင်း မရေမရာအဖြေများကို ရင်နာနာဖြင့် ပြန်ဖြေပေးခဲ့ရသည်ဟု ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောသည်။

အပိုင်းပိုင်းပြတ်နေသော လက်အချို့မှ လက်စွပ်အချို့အပါအဝင် သေဆုံးသူများထံမှ ရွှေထည် အချို့ကို သိမ်းယူရင်း ပိုင်ရှင်ထံ မည်သို့အပ်နှံရမည်ကို သူတို့ မသိနိုင်ကြဟု တုန်ရီနေသော အသံဖြင့် ပြောလာသည်။

" ကလေးတွေက အလှူကိုလာကြတာ။ မိန်းမသားတွေ၊ ကလေးတွေ ထွက်ပြေးတာကို လိုက်ပစ်ထားတာ။ လယ်ကွင်းထဲမှာတင် ခုနစ်လောင်း သင်္ဂြိုဟ်ခဲ့ရတယ်" ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် ပဇီကြီးရွာမှ အရပ်သားများစုဝေးနေရာ အလှူကို ရန်သူ့စခန်းသိမ်းတိုက်ပွဲတစ်ခုလို စစ်ဆင်ရေးပြုလုပ်ခဲ့သည်ဟု ကန့်ဘလူမြို့အခြေစိုက် တော်လှန်ရေးအင်အားစုများက ပြောသည်။

" ပထမ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးချတယ်။ နောက်ကနေ Mi - 35 က အချိန်ကိုက် ကပ်လိုက်လာပြီး မြေပြင်မှာ ဝရုန်းသုန်းကား ဦးတည်ရာထွက်ပြေးနေတဲ့သူတွေကို စိတ်ရှိလက်ရှိလိုက်ပစ်တာ။ တော်လှန်ရေးရဲဘော်တွေ သေတယ်ဆိုတာက ဖြေသာသေးတယ်။ အခုက ဘာအပြစ်မှမရှိတဲ့ မိန်းမတွေ၊ ကလေးတွေ၊ အဖိုးကြီးအဖွားကြီးတွေသေတာ။ မိသားစု လိုက် ပါသွားတဲ့ အိမ်ထောင်စု လေးငါးစုလောက်ရှိတယ်" ဟု ပဇီကြီးရွာသို့လာရောက်ပြီး ရှာဖွေကယ် ဆယ်ရေးလုပ်နေသည့် မြေမွန်ရွာသား တစ်ဦးကပြောသည်။

ထိုနေ့ညနေ ၅နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက Mi -35 ရဟတ်ယာဉ် တစ်စီးဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ပြန်သည်။ ဒုတိယအကြိမ်တိုက်ခိုက်မှုတွင်လေကြောင်း သတိပေးချက် မိနစ်အနည်းငယ်ကြိုတင်ရရှိခဲ့သောကြောင့် မြေပြင်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ကြိုတင်ပုန်းရှောင်နိုင်ခဲ့သည်။

ထို့အပြင် သေဆုံးသူများအား မီးရှို့သင်္ဂြိုဟ်သည်ကို သရဏ ဂုံတင်ပေးရန် ကြွရောက်လာသည့် သံဃာတော်အချို့လည်း အလျင်မြန်တိမ်းရှောင်ခဲ့ကြရပြီး အသက်ဘေးမှ သီသီလေး လွတ်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်။

" ကံကောင်းလို့ဗျာ။ အပြေးမြန်လို့။ အပြေးမမြန်ရင် ကျတော်တို့ပါ သင်္ဂြိုဟ်ခံရမှာ" ဟု ဒေသခံအရပ်သားတစ်ဦးက ဆိုသည်။

မနက်ပိုင်းပစ်ခတ်မှုတွင် သေဆုံးခဲ့သော အရပ်သားရုပ်အလောင်း သက်သေများကို ဖျက်ဆီးရန် လာရောက်ပစ်ခတ်ခြင်းဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုံများက သုံးသပ်သည်။ သို့သော် မြေပြင်အချက်အလက်များ၊ ဓာတ်ပုံမှတ်တမ်းသက်သေများအားလုံးကို ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက စုစည်းပြီး ပြည်တွင်းပြည်ပ သတင်းဌာနများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် နိုင်ငံတကာသို့ နည်းမျိုးစုံအသုံးပြုပြီး ချက်ချင်းပို့ဆောင်ခဲ့သည်။ တက်ကြွလှုပ်ရှားသူ ဒေသခံအချို့သည် စစ်ကောင်စီက ကျူးလွန်ခဲ့သော ပဇီကြီးရွာ မြေပြင်အခြေအနေမှန်ကို ကမ္ဘာကသိနိုင်ရန် CNN ကဲ့သို့ ကမ္ဘာကျော်သတင်းဌာနထံ သတင်းပို့ပေးခဲ့သည်။

- ပဇီကြီးရွာလတ်တလော အခြေအနေ

ယခုအခါ ပဇီကြီးရွာဝန်းကျင်၌ ပုပ်အက်အက်အနံ့များ လွမ်းမိုးနေသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ရန် လာကြသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့မှလွဲ၍ ရွာတွင် မည်သူမျှ မရှိကြတော့။ ‌အရပ်သားများအားလုံးသည် ရွာကို စွန့်ခွာထွက်ပြေးသွားခဲ့ပြီ။ ယနေ့နံနက် ဝေလီဝေလင်း အလင်းရောင်ဝင်စတွင် ပဇီကြီးရွာ တစ်နေရာ၌ မီးရောင်တစ်ချက် ထတောက်လာခဲ့ပြီး တစ်ဟုန်းဟုန်း ဆက်လောင်ကျွမ်းနေသည်။ ယနေ့ နံနက်အစောပိုင်း ရှာဖွေတွေ့ရှိသော ရုပ်အလောင်းအချို့နှင့် ခန္ဓာကိုယ်အပိုင်းအစများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မီးရှို့သင်္ဂြိုဟ်ခြင်းဖြစ်သည်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် နေရပ်သို့ မပြန်ဘဲ ပဇီကြီးရွာ ပတ်ဝန်းကျင်မှ ကြုံရာနေရာတွင် အိပ်ကာ ပျောက်ဆုံးနေသူများကို ရှာဖွေခဲ့ကြသည်။

ယနေ့ ဧပြီလ ၁၂ ရက် ညနေ ၅နာရီခန့်အထိ ရရှိထားသောစာရင်းများအရ ရုပ်‌အလောင်း ၈၀ ကျော် သင်္ဂြိုဟ်ပြီးစီးထားပြီး မျက်မြင်ရုပ်အလောင်းများ ရှိနေသေးသည်ဟု ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကပြောသည်။ သေဆုံးသူ အရေအတွက်သည် ၁၅၀ အထက် ရှိနိုင်သည်ဟု ဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရက ‌အသိပေးထားသည်။ စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်မှုအတွင်း အသက်အငယ်ဆုံး သေဆုံးသူမှာ အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်သည်ဟု မြေပြင်တွင်ဆေးကုသပေးနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်တစ်ဦးက ပြောသည်။ ဒဏ်ရာအပြင်းအထန်ရ၍ အရေးပေါ်ခွဲစိတ်ကုသနေရသော လူနာများအနက် အသက် ငါးနှစ်အရွယ်ကလေးတစ်ဦးကို သူကိုယ်တိုင် ခြေထောက်အား ဖြတ်တောက်ကုသပေးခဲ့ရသည်ဟု ဆိုသည်။

ပျောက်ဆုံးနေသူများနှင့် သယ်ယူ၍ မရသေးသော ရုပ်အလောင်းများလည်း အများအပြားကျန်ရှိနေသေးသည်ဟု မြေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ရှာဖွေကယ်ဆယ်ရေးကို ဆက်တိုက်မလုပ်နိုင်ဘဲ အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေကြရသည်။ ယခုညနေတွင်လည်း ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်မည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။ သို့သော် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အညာဒေသ၏
ပူပြင်းလှသော နေရောင်ကို ကျောပေးကာ ပဇီကြီးရွာအတွင်း ကျန်ရှိနေသေးသော ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနိုင်ရေး ကြိုးစားနေကြဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required