စစ်ကိုင်းမြို့နယ် တလိုင်းနှင့် အုတ်ဖိုကျေးရွာအနီးဝန်းကျင်သို့ လေကြောင်းမှပစ်ခတ်၊ ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေရ

By 007 (မဇ္ဈိမ)
10 April 2023
စစ်ကိုင်းမြို့နယ် တလိုင်းနှင့် အုတ်ဖိုကျေးရွာအနီးဝန်းကျင်သို့ လေကြောင်းမှပစ်ခတ်၊ ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေရ

 စစ်ကိုင်းမြို့နယ် တလိုင်းနှင့် အုတ်ဖိုကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်လာ၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေကြရကြောင်း ဒေသတွင်းသတင်းများ အရ သိရသည်။

“ မြေပြင်ကနေ လာတာမဟုတ်ဘူး၊ ရဟတ်ယာဉ်ပေါ်ကနေပစ်တယ်၊ လူချတယ်။ ရဟတ်ယာဉ်ပေါ်ကနေ ဆက်ပစ်တယ်။ အဲဒီလိုနည်းနဲ့ နယ်မြေရှင်းလင်းရေးဆိုပြီးဝင်လာတာ၊ တကယ်က ဒီမှာဘာမှမရှိဘူး အကြောင်း မဲ့ပစ်တာ” ဟု လေကြောင်းရန်ကြောင့် ထွက်ပြေးလာရသည့် ဒေသခံတစ်ဦးက ပြောသည်။ 
အဆိုပါကျေးရွာများသည် စစ်ကိုင်းမြို့နှင့် ခုနစ်မိုင်ခန့်သာကွာဝေးပြီး ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ တစ်နေကုန်နီးပါး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တလိုင်းကျေးရွာရှိ နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက် စီးခဲ့ပြီး၊ ကျေးရွာဆေးပေးခန်းနှင့် ကိုယ်ထူကိုယ်ထ ဓာတ်အားခွဲရုံတစ်ခုလည်း ထိခိုက်ခဲ့ကြောင်း ဒေသခံ များကပြောသည်။

“ ဆေးခန်းဆိုရင် ခေါင်တွေပွင့်ထွက်ကုန်တာ။ အထဲကဆေးပစ္စည်းတွေလည်း ဖျက်ဆီးခံရတယ်။ ရွာက ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ ထရန်စဖော်မာကိုလည်း ဖျက်ဆီးသွားတယ်။ ဆေးခန်းပစ်ခံရမှုမှာ မိန်းမသုံး ယောက်၊ ယောက်ျားနှစ်ယောက်ထိတယ်။ တခြား ထိခိုက်ပျက်စီးမှုတွေလည်း အများကြီးပဲ။ ဥပမာ- နွားတွေသေတာ၊ ဆိုင်ကယ်တွေမီးရှို့ခံရတာ သူတို့ (စကစ) ဝင်စီးတော့ တွေ့သမျှအကုန်ဖျက်ဆီးတာပဲ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ ၎င်းကျေးရွာ နှစ်ရွာအပြင် ဆက်စပ်ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာထွက်ပြေးနေကြကြောင်း ဒေသတွင်းသတင်းများကဆိုသည်။
“တလိုင်း၊ အုတ်ဖို၊ ထုံးဘို၊ ကျောင်းဖြူ၊ မယ်ဇလီချောင်း အားလုံးပေါင်း ၁၀ ရွာလောက်ရှိမယ်။ စစ်ကိုင်း ဘက် ထွက်ပြေးလာတာတွေလည်း ရှိတယ်။ အခု တလိုင်းရွာမှာ စကစ စခန်းချထားတယ်လို့ ကြားတယ်” ဟု စစ်ကိုင်းမြို့ခံ တစ်ဦးက ပြောသည်။ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင် အသေးစိတ်ကို အတည်ပြုနိုင် ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ကို ထောက်ခံသူများ၏ သတင်းများတွင်မူ မန္တလေးသင်္ကြန်ပွဲကို PDF များက ဖောက်ခွဲ ဖျက်ဆီးမှုလုပ်ရန် ပစ္စည်းစုလူစုလုပ်နေကြောင်း သတင်းအရဝင်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း ဆိုထား သည်။

ထို့ပြင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း လည်း စွပ်စွဲဖော်ပြထားကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required