စစ်ကိုင်းမြို့က ခမရ (၁၃) အနီး လက်ဖက်ရည်ဆိုင်တွင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

By 007(မဇ္စျိမ)
22 April 2023
စစ်ကိုင်းမြို့က ခမရ (၁၃) အနီး လက်ဖက်ရည်ဆိုင်တွင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ဧပြီလ ၂၀ ရက်၊ နံနက် ၉ နာရီခန့်က စစ်ကိုင်းမြို့ တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၃) အနီးရှိ လက်ဖက်ရည်ဆိုင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း၊ သေနတ်နဲ့တေ့ပစ်ခံလိုက်ရတယ်၊ တခြားလူအထိအခိုက်မရှိပါဘူး” ဟု အခင်းဖြစ်နေရာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ရွာထောင်ဘူတာရှိ နှင်းရွှေရည်လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ချက်ချင်းမသေဘူးဗျ၊ စစ်ကိုင်းဆေးရုံကြီးရောက်ပြီးမှ သေတာ၊ မသေခင်တစ်ရက်မှာ အရပ်ထဲကလူတွေကို ခေါ်ပြောတယ်၊ ရပ်ကွက်ထဲမှာ PDF ဆိုတဲ့အသံမကြားချင်ဘူး၊ PDF သတင်းကြားတာနဲ့ သူ့ဆီသတင်းပို့ရမယ်ဆိုပြီးပြောတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းအား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားကြောင်း မသိရသေးပေ။

“ဒီလူက တော်လှန်ရေးအစကတည်းက ဒလန်လုပ်လာသူပါ၊ သူ့ကြောင့်တော်လှန်ရေးသမား တော်တော်များများ အဖမ်းခံခဲ့ရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly