ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏နေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

By မင်းထက်(မဇ္စျိမ)
09 April 2023
ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏နေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ မဟာဘောဂလမ်း၊ သစ်ထုတ်လုပ်ရေးလမ်းကြားရှိ မြို့နယ်အုပ်ချုပ်ရေး(မြို့နယ်စစ်ကောင်စီ ဥက္ကဋ္ဌ)အိမ်ဝန်းအတွင်း၌ ဧပြီလ ၈ ရက်နေ့၊ ည ၇ နာရီခန့်က ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်၏အိမ်ဝင်းအတွင်းရပ်ထားသည့် အိမ်စီးကားတစ်စီး ပျက် စီးမှုအချို့ရှိခဲ့သည်ဟုသိရပြီး လမ်းသွားလမ်းလာတစ်ဦး ဗုံးစထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ဗုံးစထိ မှန်ခဲ့သူမှာ ရွာသစ်ရက်ကွက်တွင်နေထိုင်သည့် ပြောင်ကြီးဆိုသူဖြစ်ပြီး လည်ပင်းအား ဗုံးစထိမှန်ခဲ့သည့်အတွက် နီးစပ်ရာဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ဗုံးပေါက်တာကတော့ တော်တော်ပြင်းတယ်ဗျ။ မြို့နယ်အုပ်ချုပ်ရေးမှူးခြံထောင့်မှာပေါက်တာတောင် ကားတော် တော်ထိသွားတယ်လို့ ကြားတယ်။ ဗုံးစမှန်တဲ့ကောင်လေးကတော့ စိုးရိမ်ရတဲ့အခြေအနေဟုတ်မဟုတ် မသိရသေး ဘူး”ဟု ဒေသခံတစ်ဦးကဆိုသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများပြု လုပ်ခဲ့သည်ဟု သိရသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်များနှင့် ရဲများက ကြံခင်းမြို့ပေါ်တွင် ပိတ်ဆို့စစ်ဆေး မှုများ၊ အရပ်ဝတ်များဖြင့် သတင်းထောက်လှမ်းမှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဒေသခံ၏အခြေအနေနှင့် အဆိုပါပေါက်ကွဲမှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly