အင်းတော်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ၅ ဦးအထိရှိလာ

By ကိုခင်မောင် (မဇ္ဈိမ)
07 April 2023
အင်းတော်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ၅ ဦးအထိရှိလာ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊  အင်းတော်မြို့မှ CDM ကျောင်းဆရာမတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း ငါးဦးကို  စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်လိုက်ကြောင်း Indaw Revolution- IR ထံမှ သိရသည်။

အင်းတော်မြို့၊  အောင်မင်္ဂလာရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဒေါ်အေးအေး ၊ ဒေါ်ခင်ပြည့်ပြည့်ထွန်း နှင့် အသက် ၃၉ နှစ်အရွယ် CDM အလယ်တန်းပြဆရာမ ဒေါ်သိန်းလှတို့ကို  စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ဧပြီလ ၃ ရက်နေ့တွင်  ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“ဧပြီလ ၁ ရက်နေ့က ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ချတယ်။ ဧပြီလ ၃ ရက်နေ့ကတော့ အမျိုးသမီးသုံးဦး၊ တစ်သက်တစ်ကျွန်းပဲ။ အကုန်းလုံးကို ၅၀ (ည)၊ ၅၂ (က) အဲဒီပုဒ်မတွေနဲ့ တစ်သက်တစ်ကျွန်းချလိုက်တာ” ဟု Indaw Revolution- IRအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

ဧပြီလ ၁ရက်နေ့တွင်လည်း အင်းတော်မြို့၊ နတ်မဟုတ်ကလေးရွာမှ ကိုအေးမင်းထွန်းကို  စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်သေးသည်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင်လည်း အင်းတော်မြို့၊ ကမ်းနီကျေးရွာမှ မီးသွေးလုပ်ငန်းလုပ်ကိုင်နေသော   ကိုမင်းမင်းဦး(ခ)ကိုလမင်းကို  စစ်ကောင်စီတပ်ဖွဲ့က PDF ဟု  စွပ်စွဲဖမ်းဆီးကာ  ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သေးသည်။

အင်းတော်မြို့နယ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ ငါးဦးအထိရှိလာပြီဖြစ်သည်။

ထိုသို့ ထောင်ဒဏ်အပစ်ပေးခံရသူများသည် မတ်လ ၄ ရက်နေ့နှင့် မတ်လ ၅ ရက်နေ့တို့တွင် စစ်ကောင်စီတပ်ဖွဲ့က PDF များကိုထောက်ပံ့သည်ဟုဆိုကာ  ဒေသခံ၂၂ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဒေသခံ ၂၂ဦးအနက် ၁၈ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ဆက်လက် ဖမ်းဆီးထားသူအချို့အား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၀(ည)၊ ၅၂(က)ဖြင့် အမှုဖွင့်ကာ ဧပြီလ ၁ ရက်နေ့နှင့်  ၃ရက်နေ့တို့တွင် အင်းတော်မြို့ စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ခြင်းဖြစ်သည်ဟု Indaw Revolution အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ရက်တွင် စစ်ကောင်စီတပ်မှ PDFဟု စွပ်စွဲဖမ်းခံရသော လူငယ်နှစ်ဦးကို ကသာအကျဉ်းထောင်သို့ ပြောင်းရွေ့ထားပြီး ထောင်ဒဏ်ချမှတ်ခြင်းမျိုး မရှိသေးကြောင်းလည်း Indaw Revolution အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

အာဏာသိမ်းထားသော  နှစ်နှစ်ကျော်ကာလအတွင်း  တစ်နိုင်ငံလုံးတွင်  အရပ်သားစုစုပေါင်း ၁၇,၃၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ  ၅,၅၃၉ ဦးမှာ   ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဧပြီလ ၆ ရက်အထိ စာရင်းများအရ သိရသည်။

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly