ပုလဲမြို့နယ် ပန်းရွာ အနီးရှိ M-7 စခန်းကို စစ်ကောင်စီတပ်က လေကြောင်းသုံး၍ ဝင်ရောက်စီးနင်း

By လွှမ်းမိုး (မဇ္ဈိမ)
05 April 2023
ပုလဲမြို့နယ် ပန်းရွာ အနီးရှိ M-7 စခန်းကို စစ်ကောင်စီတပ်က လေကြောင်းသုံး၍ ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်တောင်ခြမ်းရှိ ပန်းရွာ အနီး အခြေစိုက် ဒေသကာကွယ်ရေးစခန်း တစ်ခုဖြစ်သည့် M-7 စခန်းကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၅ ရက် နံနက်ပိုင်း ၉ နာရီခွဲ အချိန်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြင့်ပစ်ခတ်၍ စီးနင်းခဲ့ကြောင်း ပုလဲမြို့နယ် ပ.အ.ဖ တာဝန်ခံ တစ်ဦးထံမှ သိရသည်။

“ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် စခန်းပတ်ပတ်လည်ကို လက်နက်ကြီးငယ်များ ပစ်ခတ်ပြီး Mi-17 ရဟတ်ယာဉ် နှစ်စီးဖြင့် စစ်အင်အား ၅၀ လောက်ချကာ စခန်းကို စီးနင်းခံလိုက်ရတာ ဖြစ်ကြောင်း” ၎င်း က ဆိုသည်။

ကျနော်တို့ကို ရဟတ်ယာဉ်နဲ့ စစ်အင်အားချပြီး အဝိုင်းခံလိုက်ရသလို ဖြစ်သွားတယ်။ ရုတ်တရက် ထွက်ပြေးကြရတာဖြစ်တဲ့အတွက် ရဲဘော်တွေ ကွဲသွားတယ်။ နောက်ပိုင်း ကျနော်တို့ ဘေးလွတ်ရာကို ရောက်သွားတဲ့ အချိန်မှာ ရဲဘော်တွေကို ကြိုးစားပြီး ဆက်သွယ်တယ်။ ရဲဘော် ခြောက်ဦးကတော့ အခုအချိန်ထိ အဆက်သွယ်မရသေးဘူး ။ ဘေးလွတ်ရာ တစ်နေရာကို ရောက်သွားတာလား ၊ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသလား ဆိုတာတော့ အတည်ပြုလို့မရသေးဘူး” ဟု M-7 စခန်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ရဲဘော်များထံမှ သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ရုတ်တရက် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများကြောင့် ပုလဲမြို့နယ်အတွင်းရှိ ပန်းရွာ ၊ နွားကူး ၊ တနယ် စတဲ့ ကျေးရွာများမှ လူဦးရေ ၅,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

“ ရုတ်တရက်ကြီး ရဟတ်ယာဉ်သံတွေ ၊ ရဟတ်ယာဉ်ပေါ်က ပစ်ခတ်လိုက်တဲ့ အသံတွေကြောင့် မောဟိုက်ပြီး ရင်တွေတုန်နေတော့တာပဲ။ ဘာပစ္စည်းမှလည်း မယူနိုင်ဘူး၊ ကိုယ့်မိသားစုကို လက်စွဲပြီး ပြေးခဲ့ရတာပါ။ အိမ်တံခါးတွေတောင် ပိတ်ချိန်မရဘူး ။ အိမ်က နွားတွေ ၊ ဝက်တွေ အစာလည်း မကြွေးခဲ့ရဘူး ၊ ဒီအတိုင်း ချည်တိုင်မှာ ချည်ပစ်ထားခဲ့ရတယ်။ လူတွေလည်း ဘာစားစရာမှလည်း ပါမလာဘူး ။ စားချင်စိတ်တွေလည်း မရှိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာလကလည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို လေကြောင်းအသုံးပြု၍ ဝင်ရောက်စီးနင်းခဲ့သည်။

ယင်းကဲ့သို့ စီးနင်းခံရစဉ်က ပြည်သူ့ကာကွယ်​ရေးရဲဘော် သုံးဦးနှင့် အရပ်သား ကိုးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required