ပုလဲ ကျေးနင်းကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးဟုဆို

By လွှမ်းမိုး (မဇ္ဈိမ)
08 August 2023
ပုလဲ ကျေးနင်းကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးနင်းကြီးရွာအနီး ယမန်‌နေ့ နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

အင်အား ၉၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ယင်းမာပင်ခရိုင် အမှတ်(၁၂)တပ်ရင်းနှင့် အမှတ် (၆)တပ်ရင်း၊မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၇ ရက် နံနက် ၉ နာရီခန့်တွင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာက ကွင်းပြင်ကြီးမှာ ဖြစ်ခဲ့တာ ဆိုတော့ ရန်သူ့ အခြေအနေကို အကုန်မြင်နေရတာ ဖြစ်တယ်ဗျ။ စစ်ကောင်စီတပ် ရှေ့ပွိုင့် စစ်သား ငါးဦး အပါအဝင် စစ်သား ၁၀ ဦး လဲကျသွားတာကို တွေ့လိုက်ရတယ်” ဟု MRDA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကျေးနင်းကြီးကျေးရွာအနီး ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  ဝိုင်းပတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲသည် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု၁ နာရီခန့်ကြာခဲ့ပြီး မြေပြင်စစ်ကြောင်းကို ဆွဲထုတ်နိုင်ရန်အတွက်   စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်  ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဦးဇော်ထက်က ပြောသည်။သို့သော် ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့ နှင့် စစ်အသုံးဆောင်ပစ္စည်းအချို့ ရရှိခဲ့သည်ဟု MRDA ကဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့တွင် ကျေးနင်းကြီးရွာအတွင်း တပ်စွဲထားပြီး ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။လတ်တလောတွင်  ပုလဲမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများကြောင့် ငှက်ပျောတော၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်းကြီး၊ သေတ္တရာ၊ မင်းတိုင်ပင်ရွာများမှ ဒေသခံပြည်သူ အများအပြား စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required