ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာ၍ ဒေသခံများထွက်ပြေးနေရ

By MTO (မဇ္ဈိမ)
28 July 2023
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာ၍ ဒေသခံများထွက်ပြေးနေရ

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၅နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် နံနက် ၇နာရီ ၄၅ မိနစ်ခန့်တွင် ကျွန်းဘိုကုန်းရွာသို့ ရောက်ရှိလာသည့်အတွက် ကျွန်းဘိုကုန်း ကျေးရွာအပါအဝင် အနီးအနားရှိ မန်ကျီးခွ၊ ရွာသာ၊ လိန်ကုန်း၊ ကံကြီး၊‌ မွေ့တုံ၊ ညောင်ကုန်း၊ ဖိုကုန်း၊ ကံပေါက်၊ နွယ်ရှောက်၊ လှော်ကားနှင့် အင်ကြင်းစု စသည့် ကျေးရွာများမှ ဒေသခံ ဦးရေ ၁၀,၀၀၀ နီးပါး ထွက်ပြေးနေရကြောင်း Pale Entertainment မှ ကိုအောင်ဆန်းဖြိုးက ပြောသည်။

“အဲ့စစ်ကြောင်းက မနေ့က ဆားလင်းကြီးနယ်ထဲက  နေ ပုလဲမြို့ပေါ်ကိုရောက်လာပြီး ဒီနေ့ မနက်မှာ စစ်ကြောင်းထိုးလာတာ ။ရွာတွေကို မီးရှို့တာတော့ မရှိသေးဘူး” ဟု ၎င်းကပြောသည်။

ယင်းစစ်ကြောင်းသည်  ယနေ့ နေ့လယ်ပိုင်းတွင် လှော်ကားကျေးရွာ အတွင်း၌ တပ်စွဲထားသည့်အတွက်  ဒေသခံအများစု တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကိုဆောင်ဆန်းဖြိုးက ဆက်ပြောသည်။

“အခုတပ်စွဲထားတဲ့ လှော်ကားရွာက အင်မထီးပျူရွာနဲ့ နီးနီးလေး အဲ့ဒီရွာကို ရိက္ခာလာပို့တာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် လှော်ကားကျေးရွာ နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ  ဒေသခံများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required