မန္တလေးတွင် စစ်ကောင်စီခန့်ရာအိမ်မှုး ၁ ဦး နေအိမ်ထဲအထိဝင်ရောက်ပစ်သတ်ခံရ 

By 007 မဇ္ဈိမ
01 April 2023
မန္တလေးတွင် စစ်ကောင်စီခန့်ရာအိမ်မှုး ၁ ဦး နေအိမ်ထဲအထိဝင်ရောက်ပစ်သတ်ခံရ 

မန္တလေးမြို့တွင် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီခန့်ရပ်ကွက်ရာအိမ်မှုးတဦး နေအိမ်ထဲအထိဝင်ရောက် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယမန်နေ့မတ် ၃၁ ရက်ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှုးဦးစန်းအောင်(အသက် ၅၂ နှစ်)ကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။ 

“အိမ်ထဲအထိကိုဝင်ပစ်သွားတာခမျ။ ဦးစန်းအောင်က အိမ်ထဲရှိနေတာကို သေနတ်သမားတွေကဘယ်လိုက ဘယ်လိုသတင်းကြားပြီး ဝင်ပစ်သွားလဲတော့မသိဘူး။ သူက အမြဲလိုလို ရုံးမှာနေတာများတယ်။ လေးငါးချက် ဆက်တိုက်ဆင့်ပစ်သွားတာဗျ” ဟု အဆိုပါဒေသခံကပြောသည်။
  
ဦးစန်းအောင်သည်  ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ တချက်၊ ဝဲဘက်လက်ပြင်မှကျည် ဖောက်ထွက်ဒဏ်ရာ တချက်၊ယာဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ တချက် စုစုပေါင်းဒဏ်ရာသုံးချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်အုပ်စုနှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။ 

ဦးစန်းအောင်ပစ်သတ်ခံရပြီးနောက် ထွန်တုံးရပ်ကွက်ကို  စစ်ကောင်စီတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်ခြောက်လှန့်ပြီး ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများကပြောသည်။ 

မန္တလေးမြို့တွင် မတ်လ ၂၄ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှ စစ်ကောင်စီခန့် အမျိုးသမီးရာအိမ်မှုးဒေါ်ညွန့်ညွန့်ဆွေ(အသက် ၅၉ နှစ်)သည် နေအိမ်ခြံဝင်းအတွင်း ပစ်သတ်ခံခဲ့ရသည်။ မတ်လ ၂၂ ရက်ကလည်း အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်မှ ရာအိမ်မှုးနှစ်ဦး လက်ဘက်ရည်ဆိုင်အတွင်း ပစ်သတ်ခံခဲ့ရသည်။ 

စာတည်း -မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly