စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် စလင်းမြို့နယ် ကင်းပွန်းခြုံကျေးရွာတွင် ရွာလုံးကျွတ်ထွက် ပြေးနေရ 

By စိုင်းခန့် (မဇ္စျိမ)
30 March 2023
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် စလင်းမြို့နယ် ကင်းပွန်းခြုံကျေးရွာတွင် ရွာလုံးကျွတ်ထွက် ပြေးနေရ 

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကင်းပွန်းခြုံကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုး၀င်ရောက်ကာ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံ မှ သိရသည်။ 

“မတ်လ ၂၈ ရက်နေ့ မနက် ၇ နာရီ ၀န်းကျင်မှာ စကစက အင်အား ၂၀၀ ၀န်းကျင်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီနေ့ မနက် ၉ နာရီလောက်မှာ ရွာ၀င်ပြီးမီးရှို့တာပါ။ တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်တော့ မသိရသေးဘူး။ ရှေ့တန်းမှာပဲ အသင့်အနေအထား ရှိနေကြသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စလင်းမြို့နယ် ကင်းပွန်းခြုံကျေးရွာတွင် နေအိမ် ၁၃၈ လုံးရှိပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ၁၂၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

“  ၁၅ အိမ်ပဲ ကျန်ခဲ့တယ်။ အဲဒီအိမ်ကလူတွေကလည်း မီးထဲသာ ပါမသွားတာ စစ်ဘေးရှောင်နေရတာပါ ပဲ။ စုစုပေါင်း လူဦးရေ ၅၀၀ နီးပါး စစ်ဘေးရှောင်နေရပါတယ်။ လောလောဆယ်တော့ ရိက္ခာ အဓိကပံ့ပိုးဖို့ စီစဥ်နေပါတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက မဇ္စျိမကို ပြောသည်။ 

စစ်ဘေးတိမ်းရှောင်နေရသူများထဲတွင် သက်ကြီးရွယ်အို၊ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးငယ်အများစု အပြင် လေဖြတ်ထားသည့်လူနာများလည်းပါ၀င်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် စီစဥ် နေကြောင်း သိရသည်။

“ စားသောက်ရေးအတွက် Mission 21 Magway နဲ့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပေ့ကနေ အလှူခံနေပါတယ်။ လောလောဆယ်တော့ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းက စစ်ဘေးရှောင် တွေကို တာ၀န်ယူထားပါတယ်။ အလှူခံလို့ရတဲ့ ငွေတွေကိုလည်း အဲဒီအဖွဲ့ကိုပဲ ပေးအပ်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအချိန်တွင် မကွေးတိုင်းအတွင်းရှိ မြို့နယ်အများစု၌ စစ်ကောင်စီတပ်က ကျေးရွာများအတွင်း စစ် ကြောင်းထိုး ၀င်ရောက်မှုများကြောင့် ပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required