စစ်ကောင်စီတပ်အား စားနပ်ရိက္ခာ ထောက်ပံ့နေသည့် ဝမ်ပေါင်ကုမ္ပဏီကို သတိပေးတိုက်ခိုက် 

By KMN မဇ္ဈိမ
26 March 2023
စစ်ကောင်စီတပ်အား စားနပ်ရိက္ခာ ထောက်ပံ့နေသည့် ဝမ်ပေါင်ကုမ္ပဏီကို သတိပေးတိုက်ခိုက် 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ  မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီဝင်းအတွင်း စစ်သားများစောင့်သည့်ဂိတ်အား မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းနှင့် ဗုံးနှစ်လုံးချကာ သတိပေးတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီထဲသို့ စစ်ကောင်စီတပ်စစ်ကြောင်းများ မကြာခဏဝင်ရောက်မှုရှိနေပြီး ကုမ္ပဏီဘက်ကလည်း လက်ခံကာ စားနပ်ရိက္ခာ ထောက်ပံ့နေသည့်အတွက် သတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ 

"ဝမ်ပေါင်ကုမ္ပဏီကိုရည်ရွယ်ပြီးလုပ်တဲ့အပိုင်းမဟုတ်ပါဘူး။ဝမ်ပေါင်ကုမ္ပဏီထဲကို စစ်ကြောင်းဝင်လို့ ကျွန်တော်တို့တိုက်ခိုက်တဲ့သဘောမျိုးပေါ့နော်။ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့လည်း နောက်နောင်
စစ်ကြောင်းတွေကိုလက်ခံမယ်၊စားနပ်ရိက္ခာ ထောက်ပံ့မယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောမယ်။ဝမ်ပေါင်ကုမ္ပဏီကို စစ်ကောင်စီဒေါက်တိုင်အနေနဲ့ စစ်ကောင်စီစခန်းပုံစုံမျိုးတိုက်ခိုက်ရမယ့်
အနေအထားမျိုးပါဗျ"ဟု Salingyi Special Task Force တာဝန်ခံ ကိုဖိုးဇေက ဆိုသည်။ 

စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၂၄ ရက်နေ့တွင် ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်ညအိပ်ခဲ့သည်ဟုသိရသည်။ စစ်ကောင်စီစစ်ကြောင်းများသည် ဝမ်ပေါင်ကုမ္ပဏီအတွင်း ဝင်ရောက်ကာ 
ကုမ္ပဏီအနီးဝန်းကျင်ရှိ ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ဖောင်းကတာ ကျေးရွာများကိုမီးရိူ့ဖျက်ဆီးနေသည့်အတွက်သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မူကို ရှိမရှိမသိရသေးကြောင်း Salingyi Special Task Forceကဆိုသည်။ 

Salingyi Special Task Force သည် မတ်လ၂၅ရက်က တိုက်ခိုက်မှုအပြီး ယနေ့ မတ်လ ၂၆ရက်တွင်လည်း ဆားလင်းကြီးမြို့အတွင်းသို့ အင်အား(၁၅၀)ခန့်ဖြင့် ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ဗုံးသီး ငါးလုံးဖြင့် ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်ဖွဲ့တင် လေးဦးဒဏ်ရာရသွားပြီး နှစ်ဦးသည် သေ‌နိုင်လောက်သည်အထိဒဏ်ရာပြင်းထန်ကြောင်း Salingyi Special Task Force တာဝန်ခံကပြောသည်။ 

မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီ(Myanmar Wanbao Mining Copper Limited)သည် 
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ်တောင် (တောင်ပိုင်း) နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုအား မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီတခုဖြစ်သည်။ 

စစ်ကောင်စီစစ်ကြောင်းများသည် မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီဝင်းထဲတွင် ‌ခြေကုပ်ယူကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများကို ဖျက်ဆီးခြင်းများပြုလုပ်နေသည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဇွန်လတွင် ဒေသကာကွယ်ရေတပ်ဖွဲ့များက ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ရှတ်ချကြောင်း မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသည်။ တော်လှန်ရေးအင်အားစုများကလည်း ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများနှင့် ပတ်သက်နေ၍ ယင်းသို့တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီနှင့် မပတ်သက်ရန် တုံ့ပြန်ထားသည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly