ပါကစ္စတန်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး UNHRC ရုံးရှေ့တွင် ကမ္ဘာ့ဆင်ဓီလူမျိုးများကွန်ဂရက်အဖွဲ့ ဆန္ဒပြ

By ANI  
20 March 2023
ပါကစ္စတန်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး UNHRC ရုံးရှေ့တွင် ကမ္ဘာ့ဆင်ဓီလူမျိုးများကွန်ဂရက်အဖွဲ့ ဆန္ဒပြ

ကမ္ဘာ့ဆင်ဓီလူမျိုးများကွန်ဂရက်အဖွဲ့ (WSC) သည် ဂျီနီဗာမြို့ရှိ ကုလသလူ့အခွင့်အရေးကောင်စီ (UNHRC) ၏ ၅၂ ကြိမ်မြောက် အစည်းအဝေးကျင်းပရာရုံးရှေ့၌ မတ်လ ၁၆ ရက် ဆန္ဒပြပွဲကြီးတစ်ခု ပြုလုပ်ခဲ့သည်။ 

ဆင်ဓီလူမျိုးများအပေါ် ပါကစ္စတန်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲတွင် ဘာလိုချီစတန်နှင့် ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသမှ ပြည်ပရောက်ခေါင်းဆောင်များနှင့် ဥရောပနိုင်ငံအသီးသီးမှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားများ ပါဝင်ခဲ့သည်။

ပါကစ္စတန်သည် မတရား လက်စဖျောက်မှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ ဘာသာရေးလူနည်းစုများကို နှိပ်စက်ညှဉ်းပန်းမှု၊ ၎င်းတို့၏ သယံဇာတများကို မတရားရယူခြင်းနှင့် သိမ်းပိုက်ခြင်းများမှတဆင့် ဆင်ဓီ၊ ဘာလို့ချ်၊ ကက်ရှ်မီရီနှင့် ပက်ရှ်တွန်လူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ဆန္ဒပြသူများက ထပ်မံ ပြောကြားခဲ့သည်။

ဆင်းဒ်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ တစ်နေ့တခြား တိုးလာပြီး ကျူးလွန်သူများသည် အပြစ်ပေး အရေးယူခံရခြင်းမရှိကြောင်းနှင့် တရားမျှတမှု ရရှိရေး ဆောင်ရွက်မပေးနိုင်ကြောင်း ကမ္ဘာ့ဆင်ဓီလူမျိုးများကွန်ဂရက်အဖွဲ့(WSC) ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

ပါကစ္စတန်အစိုးရ၏ ရာဇဝတ်မှုမြောက်သော ပေါ့ဆမှုကြောင့် ဆင်းဒ်ပြည်နယ်မှ လူသန်း ၂၀ ကျော်ကို ထိခိုက်ခဲ့သည့် မိုးကြီး ရေလျှံမှုဒဏ်ကို ဆင်ဓီလူမျိုးများသည် ၇ လကြာပြီးသည်အထိ အဆိုးရွားဆုံး ခံစားနေကြရသည်။

ဂျီနီဗာမြို့တွင်ကျင်းပသည့် UNHRC ၏ ၅၂ ကြိမ်မြောက် အစည်းအဝေးတွင် WSC ကိုယ်စားလှယ်အဖွဲ့သည် ဆင်ဓီလူမျိုးများအား မတရား လက်စဖျောက်မှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ မိုးကြီးမှုနှင့် ရေကြီးမှုများအတွင်း ပါကစ္စတန်အစိုးရ၏ ရာဇဝတ်မှုမြောက်သော ပေါ့ဆမှု၊ ဆင်ဓီဘာသာစကားကို တိမ်ကောပပျောက်စေရန် ဆောင်ရွက်မှုနှင့် ဖိနှိပ်မှု၊ ဆင်ဓီဟိန္ဒူဘာသာဝင်များအပေါ် နှိပ်စက်ညှဉ်းပန်းမှု၊ ဆင်ဓီလူမျိုးများ၏ မြေယာများနှင့် သယံဇာတများကို သိမ်းပိုက်မှုများအကြောင်း တင်ပြခဲ့သည်။ 

ဆင်းဒ်ပြည်နယ်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဆင်ဓီမိန်းကလေးများကို အတင်းအဓမ္မဘာသာကူးပြောင်းခိုင်းခြင်းနှင့် ရေဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးတို့အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကိုလည်း ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့သည်။

ရေကြီးရေလျှံမှုဖြစ်ပြီး ၇ လကြာပြီးနောက် ဆင်းဒ်ပြည်နယ်တွင် သန်းနှင့်ချီသောလူများသည် ရေပြတ်လပ်နေပြီး ဆင်းရဲမွဲတေမှု၊ ရောဂါဘယနှင့် ရွှေ့ပြောင်းနေထိုင်ရသည့် ဆင်းရဲဒုက္ခများဖြင့် ခိုကိုးရာမဲ့ ဖြစ်နေကြသည်ဟု ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။ ပါကစ္စတန်အစိုးရသည် ရေဘေးဒုက္ခသည် သန်းပေါင်းများစွာအတွက် မရှိမဖြစ်လိုအပ်သော အကူအညီများကို ပေးအပ်ရန် ပျက်ကွက်ခဲ့သည်။ 

ရေကြီးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်၊ ရေဘေးကိုအသုံးချ၍ ဆင်ဓီလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ရန်နှင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများတွင် ပံ့ပိုးပေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအားတိုက်တွန်းသည့် စာကို WSC ကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပေးပို့ခဲ့သည်။ 

အစိုးရအနေဖြင့် ဆင်ဓီနှင့် ပါကစ္စတန်ရှိ အခြားသော အပယ်ခံလူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန်လည်း ၎င်းတို့က ဖိအားပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required