ပါကစ္စတန်တွင် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်ခဲ့

By ANI 
09 March 2023
ပါကစ္စတန်တွင် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်ခဲ့

ပါကစ္စတန်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သော်လည်း ဇန်နဝါရီလလောက် သေဆုံးသူအရေအတွက် မများခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။ 

တရားမဝင် တီရစ်-အီ-တာလီဘန် ပါကစ္စတန်(TTP) အဖွဲ့က ကရာချိရဲဌာနချုပ်ကို တိုက်ခိုက်မှုသည် ဖေဖော်ဝါရီလအတွင်း အထင်ရှားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

 ပါကစ္စတန် ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(PICSS) မှ ထုတ်ပြန်သည့် စာရင်းဇယားများအရ ဖေဖော်ဝါရီအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ၅၈ မှု ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၇ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၈ ဦးနှင့် အကြမ်းဖက်သမား ၁၇ ဦးအပါအဝင် လူပေါင်း ၆၂ ဦးသေဆုံးခဲ့ကာ အရပ်သား ၅၄ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ ဦး အပါအဝင် လူပေါင်း ၁၃၄ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ပါကစ္စတန်တွင် ၂၀၁၅ ခုနှစ်၊ ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၁ လအတွင်း တိုက်ခိုက်မှုပေါင်း ၅၈ ကြိမ် ဖြစ်ပွားခဲ့သည်။ အစိုးရဆန့်ကျင်ရေးအကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက သောင်းကျန်းသူအဖွဲ့များ၏ တိုက်ခိုက်မှုမှာ ၃၂ ရာခိုင်နှုန်း ပိုများခဲ့သည်။ သို့သော် သေဆုံးသူ အရေအတွက်သည် ဇန်နဝါရီလနှင့် နှိုင်းယှဉ်လျှင် ၅၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ 

ပက်ရှ်ဝါ ရဲတပ်ဖွဲ့ကန့်သတ်နယ်မြေတွင် ဇန်နဝါရီလအတွင်းဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုသည် လူသေဆုံးမှု အများဆုံးခဲ့သည်။ ဖက်ဒရယ်ဆိုင်ရာ အုပ်ချုပ်ခွင့်ရ လူမျိုးစုနယ်မြေများ (FATA) (ခိုင်ဘာ ပက်ခ်တွန်ခဝါရှိ ခရိုင်များ) နှင့် ဘာလိုချီတန်ပြည်နယ်တို့တွင် တိုက်ခိုက်မှုများ မြင့်တက်လာသော်လည်း ပြည်မကြီးရှိ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အရေအတွက် သိသိသာသာ ကျဆင်းခဲ့သည်။

ပန်ဂျပ် နှင့် ဆင်းဒ်ပြည်နယ်တို့တွင် အကြမ်းဖက် တိုက်ခိုက်မှု အရေအတွက် မြင့်တက်လာသည်ကို တွေ့ရသည်။ 

“အသေခံ ဗုံးခွဲတိုက်ခိုက်မှု အရေအတွက် တိုးလာသော်လည်း ထိခိုက်သေဆုံးမှုသည် ဇန်နဝါရီလကလောက် ဆိုးဆိုးရွားရွား မဖြစ်ခဲ့ပေ။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အသေခံ ဗုံးခွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၉ ဦးသေဆုံးကာ ၃၇ ဦး ဒဏ်ရာရခဲ့သည်။ ဇန်နဝါရီလအတွင်း အသေခံ ဗုံးခွဲမှု ၂ ခုတွင် လူပေါင်း ၁၀၆ ဦး သေဆုံးခဲ့ပြီး ၂၁၆ ဦး ဒဏ်ရာရခဲ့သည်” ဟု ထုတ်ပြန်ချက်တစ်ခုကို ကိုးကား၍ Dawn သတင်းတွင် ဖော်ပြထားသည်။

စာရင်းဇယားများအရ ဘာလိုချီစတန်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုအကြိမ်ရေ အများဆုံးဖြစ်ပွားခဲ့သည် ကို တွေ့ရပြီး တိုက်မှု ၂၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ လူ ၂၅ ဦး သေဆုံးပြီး အခြား ၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် ပဋိပက္ခနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (PICSS)၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ 

ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်သွေးကြွဟု သံသယရှိသူ ၅၅ ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းခဲ့ပြီး နိုင်ငံတဝန်းတွင် အကြမ်းဖက်သမား ၇၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

ဘာလိုချီစတန်ပြည်နယ်၊ ဘာခန်းခရိုင်တွင် ဖေဖော်ဝါရီ ၂၆ ရက် အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိများကို ကိုးကား၍ Dawn သတင်းတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required