ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာမှုအပေါ် လွှတ်တော်အမတ်များ အပြန်အလှန် အပြစ်တင်

By Dawn
28 February 2023
ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာမှုအပေါ် လွှတ်တော်အမတ်များ အပြန်အလှန် အပြစ်တင်

ပါကစ္စတန်နိုင်ငံတွင်း အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအပေါ် တာဝန်ရှိကြောင်း အထက်လွှတ်တော်နှင့် အတိုက်အခံအမတ်များအကြား အောက်လွှတ်တော်တွင် အပြန်အလှန် အပြစ်တင်နေကြသည်။ 

ဆင်းဒ်ပြည်နယ် ပါကစ္စတန်ပြည်သူ့ပါတီ (PPP ) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ အထက်လွှတ်တော်အမတ် ဝါကွာ မက်ဒီသည် အောက်လွှတ်တော်တွင် ပထမဆုံးပြောကြားသည့်မိန့်ခွန်း၌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဦးဆောင်သော ပါကစ္စတန် တီရစ်-အင်-အီဆက်ဖ် (PTI) ပါတီအစိုးရသည် အကြမ်းဖက်သမားများအား ပံ့ပိုးအားပေးနေသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

မက်ဒီက တာလီဘန်ကောင်း နှင့် တာလီဘန်ဆိုး ဟူသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး အကြမ်းဖက်သမားဟူသည် မည်သည့်ပုံစံဖြင့်ဖြစ်ပါစေ မကောင်းနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ပါ့ရှ်ဝါမြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်ရပ်အပြီးတွင် အစိုးရက ပါတီစုံညီလာခံကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့သော်လည်း အီမရန်ခန်းက ပါဝင်ရန် ငြင်းဆန်ခဲ့သည်။ ယင်းက အမျိုးသားလုံခြုံရေးနှင့် ဆက်နွှယ်နေသော ကိစ္စရပ်များထက် နိုင်ငံရေး အကျိုးစီးပွားကိုသာ ပိုမိုလိုလားကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်ဟု အထက်လွှတ်တော်အမတ် မက်ဒီက ဆိုသည်။

အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ရေးဆွဲခဲ့သော နိုင်ငံတော်လှုပ်ရှားမှုစီမံချက် (NAP) ကို ယခင်အစိုးရက စိတ်ရင်းမှန်ဖြင့် အကောင်အထည်မဖော်ခဲ့ကြောင်း PPP အထက်လွှတ်တော်အမတ်က ပြောကြားခဲ့သည်။ 
အထက်လွှတ်တော်ရှိ အတိုက်အခံခေါင်းဆောင် ဒေါက်တာ ရှားဇက်ဝါဆင်းက စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှု ပြန်လည်ခေါင်းထောင်လာခြင်းကြောင့် များပြားလာသော ပြဿနာများနှင့် ဆိုးရွားသော အကျပ်အတည်းများကြားတွင် အစိုးရ၏ တာဝန်မဲ့သဘောထားကို ဝေဖန်ခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က နိုင်ငံခြားမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို သက်သေပြနိုင်ရေး တာလီဘန်အား အချိန်တစ်ခုပေးရန် ကမ္ဘာနိုင်ငံများကို တောင်းဆိုခဲ့သည်မှာလည်း အီမရန်ခန်းပင်ဖြစ်ကြောင်း  PPP အထက်လွှတ်တော် အမတ် ဇိုင်ခမ်းက ပြစ်တင်ဝေဖန်ခဲ့သည်။ 

အီမရန်ခန်း ထိုသို့ပြောဆိုနေချိန် ပါကစ္စတန်နိုင်ငံသားများနှင့် ဥပဒေစိုးမိုးရေးဝန်ထမ်း ၇၀ ၀၀၀ တို့ ၎င်းအသက်များကို စတေးလိုက်ရသည့်အပေါ်  စိတ်မကောင်း ဖြစ်ရကြောင်း ဇိုင်ခန်းက ဆိုသည်။ PTI သည် အကြမ်းဖက်မှုဟူသမျှကို ဘယ်သောအခါမျှ မရှုတ်ချခဲ့ကြောင်း သူမက ပြောသည်။ 

အီမရန်ခန်းဝန်ကြီးချုပ်ဖြစ် လာသောအခါ တာလီဘန်များသည် ပါကစ္စတန်သို့ ပြန်လာခဲ့ကြောင်းနှင့် အီမရန်ခန်းအနေဖြင့် ၎င်းတို့အား နေရာချထားပေးခဲ့သူကို နိုင်ငံအား ပြောပြသင့်ကြောင်း လွှတ်တော်အမတ် ဇိုင်ခန်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required