FATF မှ အမည်ပျက်စာရင်း ထည့်သွင်းခံထားရသော်လည်း ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ခဲ့ကြောင်း  ဗဟိုဘဏ်ဥက္ကဋ္ဌဆို

By မေဘယ်လ်သူ
21 February 2023
FATF မှ အမည်ပျက်စာရင်း ထည့်သွင်းခံထားရသော်လည်း ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ခဲ့ကြောင်း  ဗဟိုဘဏ်ဥက္ကဋ္ဌဆို

မဇ္ဈိမ။      ။ မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)မှ အမည်ပျက်စာရင်းထည့်သွင်းထားသော်လည်း ၎င်းအဖွဲ့မှ ချမှတ်ထားသည့် ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ရရှိခဲ့ကြောင်း  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုခဲ့သည်။

ဗဟိုဘဏ်ဦးဆောင်သည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit - FIU) နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကျင်းပသည့် “ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့် ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ဖော်ထုတ်ခြင်း ဆွေးနွေးပွဲ” တွင် ၎င်းကထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် “ငွေရေးကြေးရေးကဏ္ဍကို အသုံးပြုတဲ့ ငွေကြေးခဝါချမှုအန္တရာယ်မှာ တိုင်းပြည်ရဲ့ စီးပွားရေးသာမက ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကိုပါ ထိခိုက်စေမှာပါ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထည့်သွင်းလိုက်‌ကြောင်း အောက်တိုဘာလ ၂၁ရက် ညပိုင်းက ကြေညာပြီးနောက် ပြည်တွင်းတွင် ကျပ်ငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။

FATF ၏ အမည်ပျက်စာရင်းထဲသို့ မြန်မာနိုင်ငံရောက်ရှိသွားသောကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်နေသည့် ငွေရေးကြေးရေးစီးဆင်းမှုများအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတကာတွင် ဖွင့်လှစ်ထားရှိပြီးသော မြန်မာနိုင်ငံသားဘဏ်အကောင့်များမှ ငွေစီးဆင်းမှုများတွင် ယခင်ထက်များပြားသည့် အဆင့်များအား ဖြတ်ကျော်လုပ်ကိုင်ရမည့် အခက်အခဲများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ထောက်ပြပြောဆိုထားသည်။

“ငွေလွှဲလုပ်ငန်းတွေ တိုးတက်လာတယ်ဆိုတာဘယ်စံချိန်စံညွှန်းနဲ့ပြောလဲဆိုတာတော့ မသိရဘူး။ လက်ရှိမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေသလို ငွေလွှဲလုပ်ငန်းတွေအားလုံးအရင်လို ပုံမှန်မလည်ပတ်နိုင်တာတော့ အမှန်ပဲ” ဟု ကျောက်တံတားမြို့နယ်မှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍမှ တင်ပို့မည့် ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ရက်နေ့မှစတင်ကာ ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ငွေကြေးအဖွဲ့အစည်းလုပ်ကိုင်သူများတွင် ငွေကြေးခဝါချသူများ မပါဝင်စေရန်နှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များမှ ကောလဟာလသတင်းများဖြန့်ကာ ဒေါ်လာစျေးဆွဲတင်နေမှုကို အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သတိပေးချက်ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required