သံယဖြစ်ဖွယ် သူလျှိုမိုးပျံပူဖောင်းများ၏ လေပိုင်နက်ချိုးဖောက်မှုအပေါ် ဂျပန်က တရုတ်ကို သတိပေး

By Aljazeera
18 February 2023
သံယဖြစ်ဖွယ် သူလျှိုမိုးပျံပူဖောင်းများ၏ လေပိုင်နက်ချိုးဖောက်မှုအပေါ် ဂျပန်က တရုတ်ကို သတိပေး

ဂျပန်လေပိုင်နက်အတွင်းသို့ မကြာသေးမီနှစ်များက ဝင်ရောက်ခဲ့သည့် အမျိုးအမည်မသိ အရာဝတ္တုများသည် တရုတ်သူလျှိုမိုးပျံပူဖောင်းများ ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထောက်လှမ်းရေးမိုးပျံပူဖောင်းများဖြင့် ဂျပန်လေပိုင်နက်အား ချိုးဖောက်ခြင်းကို လုံးဝလက်သင့်မခံနိုင်ကြောင်း ဂျပန်က တရုတ်ကို သတိပေးထားသည်။

ဂျပန်နိုင်ငံ၏ လေပိုင်နက်အတွင်း ယခင်က တွေ့ရှိခဲ့သော မိုးပျံပူဖောင်းပုံသဏ္ဌာန် ပျံသန်းနေသော အရာများကို ထပ်မံ စုံစမ်းစစ်ဆေးရာ တရုတ်နိုင်ငံမှ မောင်းသူမဲ့ ထောက်လှမ်းရေး မိုးပျံပူဖောင်းများဖြစ်နိုင်သည်ဟု သံသယရှိကြောင်း  အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟီရိုကာဇု မာဆုနိုက သတင်းထောက်များကို ဖေဖော်ဝါရီလ ၁၅ ရက်က ပြောကြားခဲ့သည်။

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းများသည် ၂၀၁၉ ခုနှစ်မှစတင်ကာ ဂျပန်ပိုင်နက်အတွင်းသို့ ၃ ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့သည်မှာ သေချာကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက် ပြောကြားခဲ့သည်။

တရုတ်အစိုးရအနေဖြင့် အဆိုပါဖြစ်ရပ်များကို အတည်ပြုရန်နှင့် နောင်တွင် အလားတူ အခြေအနေမျိုး ထပ်မံမဖြစ်ပွားစေရန် တရုတ်ကို လေးလေးနက်နက် တောင်းဆိုထားသည်ဟု ဝန်ကြီးဌာနက ဆိုသည်။
ပြည်ပမှ မောင်းသူမဲ့ ထောက်လှမ်းရေး  မိုးပျံပူဖောင်းများနှင့် အခြားနည်းလမ်းများဖြင့် လေပိုင်နက်အား ချိုးဖောက်ခြင်းကို လုံးဝလက်မခံနိုင်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်အစိုးရသည် ၎င်း၏လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်းအား ကာကွယ်ရန် ဂျပန်စစ်တပ်၏ လက်နက်အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ရန် စဉ်းစားနေကြောင်း Kyodo သတင်းဌာနက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ထိတွေ့တိုက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးခြင်းဖြင့် ဂျပန်သည် ၎င်း၏လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာသည့် ဝေဟင်မှ အရာဝတ္ထုများကို ပစ်ချနိုင်မည် ဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required