ဂျပန်က တရုတ်ကို တန်ပြန်ရန် အင်ဒို-ပစိဖိတ်ဒေသတွင် ဒေါ်လာ ၇၅ ဘီလီယံ  ရင်းနှီးမြှုပ်နှံမည်

By Reuters
24 March 2023
ဂျပန်က တရုတ်ကို တန်ပြန်ရန် အင်ဒို-ပစိဖိတ်ဒေသတွင် ဒေါ်လာ ၇၅ ဘီလီယံ  ရင်းနှီးမြှုပ်နှံမည်

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ရန် အစီအစဉ်သစ်  တစ်ရပ်ကို မတ်လ ၂၀ ရက်တွင် ကြေညာခဲ့ပြီး စက်မှုလုပ်ငန်းမှသည် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအထိ ဒေသတွင်း စီးပွားရေးအားလုံးကို ကူညီရန်   ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှပ်နှံရန် ကတိပြုလိုက်သည်။

နယူးဒေလီတွင် ကြေညာခဲ့သော ယင်းအစီအစဉ်သည် တရုတ်၏ ရန်လိုမှု ကြီးထွားလာခြင်းကို တန်ပြန်သည့်အနေဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှရှိ နိုင်ငံများနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ရန် ဂျပန်၏ ကြိုးပမ်းမှုဖြစ်သည်။ 

ကီရှီဒါသည် အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် တွေ့ဆုံပြီးနောက် ဂျပန်သည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို အမြန်ဆုံး အဆုံးသတ်စေလိုကြောင်းနှင့် ညီညွတ်မှုကို ပြသကြရန် အာဖရိက၊ အာရှ၊ အိုရှင်းနီးယားနှင့် လက်တင်အမေရိကစသည့် တောင်ကမ္ဘာနိုင်ငံများအား တောင်းဆိုလိုက်သည်။ 

ဂျပန်နိုင်ငံ၏ အင်ဒို-ပစိဖိတ်စီမံကိန်းအသစ်တွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ အင်ဒို-ပစိဖိတ်နိုင်ငံများနှင့် ပူးပေါင်းကာ ကမ္ဘာ့ပြဿနာသစ်များကို ကိုင်တွယ်ဖြေရှင်းရန်၊ အမျိုးမျိုးသော ပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာတစ်ဝန်း ဆက်သွယ်မှု တိုးတက်အောင်မြင်စေရန်၊ အများပိုင် ပင်လယ်ပြင်နှင့် အာကာသဆိုင်ရာ လုံခြုံဘေးကင်းမှုကို အာမခံပေးနိုင်ရန် ရည်ရွယ်သည့် မဏ္ဍိုင် ၄ ရပ်ပါရှိကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။

တရားဝင်အစိုးရအကူအညီနှင့် ထောက်ပံ့ငွေများမှတစ်ဆင့် အကူအညီများ တိုးမြှင့်ပေးလျက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် ယန်းချေးငွေများဖြင့် ဒေသတွင်းအတွက် ဒေါ်လာ ၇၅ ဘီလီယံကို ၂၀၃၀ ခုနှစ် အထိ ပေးအပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက ကတိပြုခဲ့သည်။ 

"လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာ မူဘောင်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်" ဟု ကီရှီဒါက အိန္ဒိယရေးရာကောင်စီသို့ ပြောကြားခဲ့သည်။

စိတ်တူသဘောတူ နိုင်ငံအချင်းချင်း ရေကြောင်းကာကွယ်ရေးနှင့်လုံခြုံရေး တိုးမြှင့်ရေးကိုအလေးထားလျက် နိုင်ငံအချင်းချင်း ချိတ်ဆက်မှု အားကောင်းရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာမှု တိုးတက်စေရေးတို့ကို လုပ်ဆောင်သွားမည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို တိုးတက်အောင်လုပ်ဆောင်ရင်း အင်ဒို-ပစိဖိတ်ဒေသတွင် စစ်အင်အားကို မြှင့်တင်နေသလို ရေတပ်အင်အားကို လျင်မြန်စွာ ခေတ်မီအောင် အဆင့်မြှင့်တင်လျက်ရှိသည်။
“တစ်နိုင်ငံတည်းကိုပဲ အားကိုးရတဲ့ ချိတ်ဆက်မှုမျိုးက နိုင်ငံရေးအားနည်းချက်ကို ဖြစ်ပေါ်စေတယ်” ဟု ကီရှီဒါက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required