တရုတ်တွင် သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခံထားရသူကို  ပြန်လွှတ်ပေးရန် ဂျပန်အစိုးရ တောင်းဆို 

By ANI
31 March 2023
တရုတ်တွင် သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခံထားရသူကို  ပြန်လွှတ်ပေးရန် ဂျပန်အစိုးရ တောင်းဆို 

တရုတ်နိုင်ငံတွင်   ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျပန်နိုင်ငံသားကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ကောင်စစ်ဝန်အရာရှိများနှင့် စကားပြောဆိုခွင့်ပြုရန် ဂျပန်အစိုးရက တောင်းဆိုထားကြောင်း Kyodo News တွင် ဖော်ပြထားသည်။

သူလျှိုလုပ်သည်ဆိုသော သံသယဖြင့် ၎င်းအမျိုးသားကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသားသည် တရုတ်နိုင်ငံ၏ သူလျှိုထောက်လှမ်းမှုတိုက်ဖျက်ရေး ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရကြောင်း တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိပေ။ ထိန်းသိမ်းခံရသူသည် ဂျပန်ဆေးဝါးကုမ္ပဏီ Astellas Pharma Inc ၏ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုခဲ့သည်။

ဂျပန်အစိုးရသည် ဖမ်းဆီးခံထားရသော အသက် ၅၀ အရွယ် ယင်းအမျိုးသား၏ ဆွေမျိုးများနှင့် အဆက်အသွယ်ရှိကြောင်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟီရိုခါ့ဆု မက်ဆုနိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 
ဂျပန်အစိုးရအနေဖြင့် နိုင်ငံသားများကို ယခုကဲ့သို့သော လှုပ်ရှားမှုများတွင် မပါဝင်ရန် ပညာပေးသင့်ကြောင်း မတ်လ ၂၇ ရက်က ပေကျင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မောင်နင်းက ပြောသည်။

ယင်းအမျိုးသားကို တရုတ် တန်ပြန်ထောက်လှမ်းရေးအရာရှိများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ပြောသည်။ 
တရုတ်နိုင်ငံသည် နိုင်ငံတော်လုံခြုံရေး လျှို့ဝှက်ချက်နှင့် ပတ်သက်သည့် စွပ်စွဲချက်များကို တရားရုံးတွင် စွဲချက်တင်သည့် အစဉ်အလာရှိသည်။ စီရင်ချက်ချပြီးသည့်တိုင် အမှုကိစ္စအများစု၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။

ဂျပန်စီးပွားရေးလုပ်ငန်းရှင်၏ အမှုကို တရုတ်နိုင်ငံက ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး ၎င်းကို ပြန်လွှတ်ပေးရန်နှင့် သံတမန်ဆိုင်ရာ ကိစ္စရပ်များအတွက် ဂျပန်သံရုံးနှင့်  ဆက်သွယ်ဆောင်ရွက် ခွင့် ပြု၊ မပြုတို့ကို ဆုံးဖြတ်သွားမည့်ဟု ပြောခွင့်ရအမျိုးသမီးက ပြောသည်။ အဆိုပါအမျိုးသားသည် ယခုလအတွင်း ဂျပန်နိုင်ငံသို့ ပြန်ခါနီးတွင် တရုတ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန် နိုင်ငံခြားအဖွဲ့များနှင့် နိုင်ငံခြားသားများကို ပိုမိုစောင့်ကြည့်လာခဲ့သည်။ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် တန်ပြန်ထောက်လှမ်းရေးနှင့် နိုင်ငံတော်လုံခြုံရေးဥပဒေများ စတင်ပြဋ္ဌာန်းပြီးကတည်းက နိုင်ငံခြားသားအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

အဆိုပါ Astellas ဝန်ထမ်းသည် သူလျှိုလုပ်ငန်းများတွင် ပါဝင်သည်ဟု သံသယဖြင့် ၂၀၁၄ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံတွင် အကျဉ်းချခံရသည့် ဂျပန်နိုင်ငံသား ၁၇ ဦးအနက်မှ ၁ ဦးဖြစ်သည်။ ၎င်းတို့ထဲမှ ၅ ဦးမှာ တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required