ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင်တည်ဆောက်ရေး အကောင်အထည်ဖော်မည်

By ပါခွီး
17 February 2023
ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင်တည်ဆောက်ရေး အကောင်အထည်ဖော်မည်

မဇ္စျိမ ။။ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင်တည်ဆောက်ရေးကို Stakeholders များနှင့်အတူ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးတပ်မတော်(CNF/CNA) သည် လက်ရှိဆင်နွှဲနေသော တော်လှန်ရေးစစ်ပွဲကို အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအဖြစ် ခံယူလျက် နိုင်ငံရေးဦးတည်ချက် ၊ ရည်မှန်းချက်တူညီသော ညီနောင်မဟာမိတ်လက်နက်ကိုင်များ ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“ချင်းအမျိုးသားတည်ဆောက်ရေးဆိုတာ ကျနော်တို့က ကျနော်တို့ ဓလေ့ထုံးတမ်း ၊ အစဉ်အလာ အဲဒါတွေကအစ အခုအချိန်မှာ ဘယ်ဖွဲ့စည်းပုံက မှလာပြီး မစွက်ဖက်ဘူး ၊ မကျင့်သုံးဘူး ၊ ကိုယ်ဟာကိုယ်တည်ဆောက်နေတဲ့ ချင်းအမျိုးသားအရေး ၊ ချင်းပြည်ထောင်အရေး တည်ဆောက်ရင်းနဲ့ ကျနော်တို့ လိုချင်တဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်မှာ ဖြစ်တယ်” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ သို့ပြောသည်။

ယခုလက်ရှိအခြေအနေအရ စစ်ကောင်စီက ပြုလုပ်နေသော ပြည်နယ် ၊ ပြည်နယ်ဝန်ကြီးချုပ်စသည်များကို ၎င်းတို့အနေဖြင့်အသိအမှတ်ပြု လက်ခံခြင်းမရှိဘဲ ချင်းအမျိုးသားရေးကို တည်ဆောက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ပင်လုံတွင် စာချုပ်ချုပ်စဉ်က Holding together မဟုတ်ဘဲနဲ့ Coming together နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို အဓိက ချင်း ၊ ကချင် ၊ ရှမ်း နှင့် ဗမာအစိုးရ နှင့် အင်္ဂလိပ် အစိုးရက သီးခြားအုပ်ချုပ်တဲ့ ပြည်များကို ပြည်ထောင်စုတွင် မိမိတို့ ပြည်ထောင်အလိုက် လာပြီး ပြည်ထောင်စုကို တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့အချိန် နွေဦးတော်လှန်ရေးတွင် ပင်လုံမတိုင်မီ၊ အင်္ဂလိပ်မလာမီ အခြေအနေသို့ ရောက်ရှိနေပြီး ချင်းပြည်ထောင်ကို မိမိတို့တည်ဆောက်ခဲ့သကဲ့သို့ ယခု ချင်းအမျိုးသားတည်ဆောက်ရေး ၊ ချင်းပြည်ထောင်တည်ဆောက်ရေးမှသည် ဘုံရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆလိုင်း ထက်နီ က ဆက်လက် ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခြင်းကြောင့် ချင်းပြည်သူများအပါအဝင် တိုင်းရင်းသားပေါင်းစုံ ၊အလွှာစုံမှ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်ပေါင်းများစွာစတေးလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ရန် ခုခံတော်လှန်စစ်ကို ဆင်နွှဲလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

နွေဦးတော်လှန်ရေးတွင် သွေးမြေကျခဲ့ရသော အာဇာနည်များ ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရဝပြုကြောင်းနှင့် လူမှုဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူအားလုံးအပေါ် လေးစားစာနာကြောင်း အလေးအနက် ဖော်ပြအပ်ပါကြောင်းဆိုသည်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ကျရောက်သော(၇၅)နှစ် မြောက် ချင်းအမျိုးသားနေ့သည် ချင်းအမျိုးသားတစ်ရပ်အဖြစ် အမျိူးသားစုစည်းမှုကို ထုတ်ဖော်ပြသပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအပါအဝင် မျိုးနွယ်စုအကြီးအကဲများ၏ မိမိနယ်မြေအလိုက် မိရိုးဖလာကျင့်သုံးခဲ့သည့် အမွေဆက်ခံအုပ်ချုပ်ရေးစနစ်ဟောင်းမှ ချင်းလဲန်းတစ်ခုလုံးကို စုစည်း၍ အမျိုးသားကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီအုပ်ချုပ်ရေးကျင့်သုံးရန် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့သည့် သမိုင်းဝင် နေ့ထူးနေမြတ်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ်အလွန် အာဏာရှင်ဆန့်ကျင်တွန်းလှန်သည့် စစ်ရေး ၊ နိုင်ငံရေး လှုပ်ရှားမှုသည် ပြည်သူ့အခြေပြု ပြည်သူ့တော်လှန်ရေးဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် CNF/CNA နှင့်အတူ မိမိတတ်ကျွမ်းရာ ကဏ္ဍအသီးသီးမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ယခုကျရောက်မည့် ချင်းအမျိုးသားနေ့ကို ချင်းလဲန်းနှင့် အနယ်နယ်အရပ်ရပ်ရှိ ချင်းအမျိုးသားပြည်သူတစ်ရပ်လုံးမှ အမျိုးသားနိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပနိုင်စေကြောင်း ဆုတောင်းမေတ္တာ ပို့သထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required