မင်းတုန်းမြို့ အလယ်ချောင်းရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးဟုဆို

မင်းတုန်းမြို့ အလယ်ချောင်းရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးဟုဆို

မဇ္ဈိမ။ ။မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှ အလယ်ချောင်းရွာရဲစခန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညသန်းခေါင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ Eagle Force ကသတင်းထုတ်ပြန်သည်။

“ရဲစခန်းနဲ့ အနီးဆုံးနေရာထိကပ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ။ သူတို့ဘက်ကလည်းပြန်ပစ်ခတ်မှုရှိတယ်။ သူတို့ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးတယ်လို့ ကြားပါတယ်” ဟုEagle Force တပ်ဖွဲ့ ကတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှု  ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း  Eagle Forceတပ်ဖွဲ့ ကဆိုသည်။ ဒဏ်ရာရသူများလည်းရှိပြီး အသေးစိတ်အတည်ပြုနေသည်ဟု ထုတ်ပြန်ထားသည်။

အလယ်ချောင်းရွာ ရဲစခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များပူးပေါင်းနေထိုင်သည့် ရဲစခန်းတစ်ခုဖြစ်ပြီး ဒေသခံများကို စစ်ဆေးခြင်း၊ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း Eagle Force တပ်ဖွဲ့က တာဝန်ရှိသူက ဆိုသည်။

Eagle Force တပ်ဖွဲ့သည် ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ကလည်း သရက်မြို့ ရှိ စစ်ကောင်စီ၏ အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့ပြီး ရေမျက်ကျေးရွာရဲစခန်းကိုလည်းဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Eagle Force တပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သရက်ခရိုင် PDF တပ်ရင်း-၄ လည်းဖြစ်သည်။

‌စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly