ရေစကြိုမြို့က စစ်ကောင်စီတပ် တပ်စွဲထားရာ နေရာ ၂ ခုကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By MTO(မဇ္ဈိမ)
12 November 2023
ရေစကြိုမြို့က စစ်ကောင်စီတပ် တပ်စွဲထားရာ နေရာ ၂ ခုကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
ပုံအညွှန်း - ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကို တွေ့ ရစဉ်

မကွေးတိုင်း ၊ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားရာနေရာများဖြစ်သည့် နံ့သာဟေဝန်ပန်းခြံ ၊ မြို့မရဲစခန်းနေရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၀ ရက် နံနက်အစောပိုင်းတွင် အဆိုပါနေရာများအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းများပါ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

“ဒီတိုက်ခိုက်မှုဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီလှုပ်ရှားမှုပါပဲ။  ဒါပေမဲ့ ကျတော်တို့က အညာဒေသ ဖြစ်တဲ့အခါကျတော့ မြို့ကြီးတခုလုံး သိမ်းဖို့ဆိုတာကျတော့ ခဲယမ်းလက်နက်ချိန်ရတာ တွက်ရတာတွေရှိတော့ အဆင်မပြေသေးဘူးပေါ့ဗျာ ။ သို့ပေမယ့်လည်း မြို့သိမ်းတိုက်ပွဲတွေအတွက် ပထမဆုံး လှမ်းလိုက်တဲ့ ခြေလှမ်းလို့တော့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။

နံ့သာဟေဝန် ပန်းခြံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ အား ဝေဟင်မှ အီနာဂါဗုံးများဖြင့် ကြဲချတိုက်ခိုက် ပြီးနောက် အချိန်လေးနာရီနီးပါးကြာသည်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ရေစကြို ပကဖထံမှ သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ သေဆုံးမှုရှိခဲ့ပြီး ဘန်ကာတခုကိုလည်း ဖြိုချဖျက်ဆီးနိုင်ခဲ့ကာ တပ်စွဲထားသည့် နေရာအတွင်းသို့ ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့သော်လည်း ခဲယမ်းမလုံ လောက်မှုကြောင့် ပြန်လည်ဆုတ်ခွားခဲ့ရကြောင်း ရေစကြို ပကဖက အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် ပြည်သူ့ဆေးရုံမှ ပန်းခြံသို့ ခြေလျင်စစ်ကြောင်းဖြင့် စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ရေစကြို ပကဖ အဖွဲ့ ထံမှ သိရသည်။

“တိုက်ခိုက်မှုအပြီးမှာ နံ့သာဟေဝန်ပန်းခြံက စစ်ကောင်စီတပ်တွေက စခန်းကို စွန့်သွားပြီး ရုံးပေါင်းစုံမှာ သွားပေါင်းလိုက်တယ်လို့ သိရတယ်” ဟု ရဲဘော်ဝေကြီးက ဆက်ပြောသည်။

အလားတူ မြို့မရဲစခန်းအား လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် အချိန်တနာရီခွဲ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကာ ရဲစခန်းအတွင်းမှ ထွက်ပြေးသွားကြသူများလည်းရှိကြောင်း ရေစကြို ပကဖက ထုတ်ပြန်ထားသည်။

ရဲစခန်းအတွင်းရှိ ဘန်ကာအချို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွားလာခဲ့ရကြောင်းလည်း သိရသည်။

ယင်းအပြင် ရေစကြိုမြို့နယ်အခြေစိုက် တပ်ရင်းများဖြစ်သည့် ခလရ (၂၅၆)၊(၂၅၇)၊(၂၅၈) တပ်ရင်း သုံးခုကိုလည်း ၆၀ မမ လက်နက်ကြီးများ  ၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ရေစကြိုပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်ခုနှစ် ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို ပကဖတာဝန်ရှိသူက ဆိုသည်။

ယခုတိုက်ခိုက်မှုများကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်း (၉) ၊  နွေဦးစစ်သည်(YSO) ၊ ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required