တမူးမြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ် ၃ဦးကို သတ်ဖြတ်၊ အလောင်းပြန်မရ

By ပါခွီး
27 January 2023
တမူးမြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ် ၃ဦးကို သတ်ဖြတ်၊ အလောင်းပြန်မရ

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်တွင် လူငယ်သုံးဦးအား စစ်တပ်ဂိတ်မှ စစ်ဆေးသတ်ဖြတ်ပြီး အလောင်းပြန်မရကြောင်း ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (KSDF)က ဇန်နဝါရီလ ၂၄ရက်နေ့တွင် ထုတ်ပြန်သည်။

တမူးခရိုင် ၊ ကျွန်းပင်သာကျေးရွာ (Teijang) မှ ချောင်းနက်ကြီး(Valpabung) ရှိ အိမ်သို့ ပြန်လာသော မောင်လက်မင်ထန် (၂၅နှစ်) ၊ မောင်ရွှေမင်းထန်(၂၃နှစ်) နှင့် မောင်ငမ်မင်းဟောင် (၁၇)နှစ်တို့အား ကွန်းတောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ ရပ်တန့်စစ်ဆေးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း ဆိုသည်။

“သူတို့က ဆိုင်ကယ် သုံးယောက်ပိုစီးလာတာ၊ အဲဒါကို မသင်္ကာလို့ခေါ်စစ်တာ ၊ ပြီးတာနဲ့ အဆင်ပြေသွားပြီး ပြန်လွှတ်လိုက်ပြီး ဂိတ်ဝမှာရှိတဲ့ မူးနေတဲ့ စစ်သားက ပြန်ဖမ်းခေါ်ပြီး ရိုက်နှိက်သတ်လိုက်တာလို့ သိရတယ်” ဟု KSDF ခေါင်းဆောင် တစ်ဦးက ပြောသည်။

ယင်းသို့ ဖြစ်ပျက်ပြီးနောက် မိသားစုဝင်များမှ လိုက်လံစုံစမ်းသည့်အခါ တမူးမြို့သို့ စစ်ဆေးရန်ပို့လိုက်ကြောင်းပြောဆိုသည် ၊ တဖန် တမူးမြို့သို့ ဆက်လက်စုံစမ်းရာတွင်လည်း ၎င်းလူငယ်များ ရောက်ရှိလာခြင်းမရှိကြောင်း စစ်ကောင်စီတပ်များထံမှ သိရကြောင်း အဆိုပါ KSDF ခေါင်းဆောင်မှ ဆိုသည်။

ဆက်လက်၍ ၎င်းလူငယ်များအကြောင်းစုံစမ်းပြီး သေဆုံးသွားခဲ့ပါက အလောင်းပြန်လည်ပေးရန် တောင်းဆိုသော်လည်း ၎င်းတို့ မသတ်ကြောင်းနှင့် ရုပ်အလောင်းအားလည်းပြန်လည်ပေးအပ်ခြင်းမရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၅ရက်နေ့ကလည်း တမူးမြို့နယ် သနန်ကျေးရွာတွင် နေထိုင်သော ဦးလက်ခိုလွန်း ကို အမည်မသိ လက်နက်ကိုင်များမှ ၎င်း၏ နေအိမ် အိပ်ခန်းအတွင်းမှ လာရောက်ခေါ်ယူသွားပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးခဲ့သည်။

ယင်းနောက် တစ်ပတ်ခန့်အကြာတွင် သနန်ကျေးရွာကျောင်း(ပျူစောထီးများ)စခန်းချထားရာနေရာမှ ဦးလက်ခိုလွန်၏ ဖြတ်ခံထားရသော လက်တစ်ဖက်အား ခွေးတစ်ကောင်က ချီလာသည်ကို ရွာသားများမှ တွေ့ရသောကြောင့် ဇန်နဝါရီလ ၁၄ရက်နေ့တွင် အလာင်းမပါဘဲ ဈာပနကို ကျင်းပခဲ့ရသည်။ ခွေးချီလာသော လက်တွင် ဦးလက်ခိုလွန်း၏ ပုံစံတူ တက်တူးထိုးထားသည်ကို တွေ့ရှိရသောကြောင့် သေဆုံးသွားသည်ဟု အတည်ပြုခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရာဇဝတ်မှုများသည် တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွားလာနေသောကြောင့် ပြည်သူများအနေဖြင့် အထူးသတိထား သွားလားဆင်ခြင်ကြရန် လိုအပ်ကြောင်းနှင့် ဤသို့ အပြစ်မဲ့ အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုနှင့် မတရာဖမ်းဆီးခံရမှုအပေါ် ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ကျန်ရစ်သော မိသားစုနှင့်အတူ အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယခုကဲ့သို့သောလုပ်ရပ်များကို KSDF အနေဖြင့် ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေအဖွဲ့များ၏ အရပ်သားပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော အပြစ်ဒဏ်များပေးရေးနှင့် ကျူးလွန်ခံရသူများဖက်မှ တရားမျှတမှုကို ရရှိရန်မျှော်လင့်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly