တမူးမြို့နယ်တွင် PDF–Tamu တပ်ရင်း(၄)စခန်း စီးနင်းခံရ

By ပါခွီး(မဇ္စျိမ)
17 September 2023
တမူးမြို့နယ်တွင် PDF–Tamu တပ်ရင်း(၄)စခန်း စီးနင်းခံရ
ပုံအညွှန်း - PDF – Tamu တပ်ရင်း(၄) ရဲဘော်များမြင်တွေ့ရစဥ် ဓါတ်ပုံ - PDF – Tamu တပ်ရင်း(၄) 22m

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း(၄) PDF–Tamu  စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း တမူးမြို့နယ် အုပ်ချုပ် ရေးတာဝန်ရှိသူတဦးထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် တပ်ရင်း(၄) ၏ စခန်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် နှစ်ဖက်ဝိုင်းပြီး တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီ အချိန်စခန်းထဲမှာ ရဲဘော်သိပ်မရှိတာရယ်၊ စခ(စစ်ကောင်စီတပ်)တွေက လက်နက်ကြီးငယ် အလွန် အကျွံပစ်ဝင်လာတဲ့အတွက် ခံပစ်ပြီး လက်နက်ပစ္စည်းတွေနဲ့အတူ ဆုတ်ခွာသွားကြတယ်”ဟု တမူးမြို့ နယ်အုပ်ချုပ်ရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံလက်နက်ကိုင်အချို့သည် PDF များဝတ်ဆင်သည့်ပုံစံမျိုးဝတ်ဆင်ပြီး ကိုင်ဆောင်သည့်လက်နက်များပါတူအောင် ပုံမှားရိုက်ပြီး လက်နက်ကြီးများ၊ စက်သေနတ်များအပြင် လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

အင်အားမမျှသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားချိန်တွင် စခန်းရှိလူနေအိမ်အချို့ကိုဖျက်ဆီးပြီး လက်လုပ်လက်နက်အချို့ကို သိမ်းဆည်း သွားခဲ့ကာ အနီးဝန်းကျင်တွင် ကင်းပုန်းဝပ်နေခဲ့ကြောင်း သိရ သည်။

ညပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏ စခန်းကို ပြန်လည်ချဥ်းကပ်ရာ စစ်ကောင်စီတပ်က ဒရုန်းဖြင့် အီနာဂါဗုံးသီးများချ၍တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှုမရှိသော်လည်း ရဲဘော်အချို့ အသေးစားထိ ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှ တမူးမြို့ မြို့ရှောင်လမ်း အနီးနယ်မြေရှင်းလင်းရာ တမူးကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး လက်လုပ်စိန်ပြောင်း၊ မိုင်း၊ ဗုံးသီးနှင့် လက်နက်ထုတ်လုပ်ရာတွင်အသုံးပြုသည့် စက်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ယနေ့ စက်တင်ဘာ ၁၇ ရက် တွင်ရေးသားထားသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံလက်နက်ကိုင်များသည် တမူးမြို့အထက်ပိုင်းသို့ အင်အား အလုံး အရင်းဖြင့်စစ်ကြောင်းထိုးနေပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားနိုင်သဖြင့် တမူး-အောင်ဇေယျလမ်းပိုင်းကို စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ပြီး သွားလာခြင်းမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး)က သတိပေးထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly