တမူးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
20 August 2023
တမူးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်
ပုံအညွှန်း - အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်များ ဓါတ်ပုံ - အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် YCDC ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်ရှိလယ်ယာများတွင် လုပ်ငန်းလုပ်ကိုင်နေသော ဒေသ ခံများကို ခြိမ်းခြောက်ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ငါး နာရီကျော်ကြာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးဒဏ်ရာရသူ များပြားခဲ့ ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၈ နာရီ ၁၁ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက် ခိုက်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ပွဲကို အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)နှင့်အတူ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNDF) ၊ ထာလ်ဒို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၁၉ ရက်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ကလေး-တမူး အာရှလမ်းမရှိ ကမ္မကြီးကျေးရွာမှ ဘုတ်ကန်ကျေးရွာအထိလမ်းပိုင်းအား စစ်ရေးအခြေအနေအရ ဒေသခံများအနေဖြင့် အသုံးမပြုကြရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ဩဂုတ်လ ၃ ရက်နေ့က ခါမ်းပါတ်မြို့မှထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် NLA တပ်ဖွဲ့တို့ ကံမ္မကြီးရွာအနီးရှိ ကုန်ထုတ်လမ်းအနီးတွင်  မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဩဂုတ်လ ၄ ရက်နေ့တွင်လည်း ထင်းဇင်ရွာသစ်တွင် ယင်းစစ်ကြောင်းနှင့် ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိသွား သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် NLA တပ်ဖွဲ့မှ ဒုဗိုလ်တဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required