ကိုဗစ်ကူးစက်မှု မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသို့ မလိုအပ်ဘဲ ခရီးမသွားရန် ဥရောပနိုင်ငံအချို့ တားမြစ်

ကိုဗစ်ကူးစက်မှု မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသို့ မလိုအပ်ဘဲ ခရီးမသွားရန် ဥရောပနိုင်ငံအချို့ တားမြစ်

တရုတ်အစိုးရက  ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှု အရှိန်အဟုန်ဖြင့် မြင့်တက်နေသဖြင့် ယင်းနိုင်ငံသို့ မလိုအပ်ဘဲ ခရီးမသွားရန် ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်တို့တွင် တားမြစ်ထားကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြသည်။

ကိုဗစ်ကူးစက်မှုမြင့်မားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အခက်အခဲကြောင့် လောလောဆယ်တွင်  တရုတ်သို့ မလိုအပ်ဘဲ ခရီးမသွားကြရန် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက Twitter စာမျက်နှာတွင် သတိပေးထားသည်။ “လူဇင်ဘတ်သည် ဂျာမနီ၏ ခရီးသွားအကြံပေးချက်အတိုင်းပင် ယခုအချိန် တရုတ်သို့ မလိုအပ်ဘဲ ခရီးမသွားရန် အကြံပြုသည်” ဟု လူဇင်ဘတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" တရုတ်နိုင်ငံဟာ  ၂၀၂၂ ခုနှစ် ဒီဇင်ဘာကစပြီး ကိုဗစ်လုံးဝကင်းစင်မူဝါဒကို အဆုံးသတ်တာကြောင့် အကြီးမားဆုံး ကူးစက်မှုလှိုင်းကို ကြုံတွေ့နေရပါတယ်။ ဆေးရုံတွေမှာ လူနာတွေပြည့်ကျပ်နေပြီး အရေးပေါ် အခြေအနေတွေကို အလျင်မြန် မကုသနိုင်တဲ့ ပြသနာတွေ ဖြစ်ပေါ်နေတဲ့အတွက် တရုတ်နိုင်ငံဆီ မလိုအပ်ဘဲ ခရီးမသွားကြဖို့ အကြံပြုပါတယ်” ဟု ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာပြီးနောက် ကမ္ဘာ့နိုင်ငံအများအပြားသည် ခရီးသွားလာမှုဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုစံချိန်တင် မြင့်တက်နေချိန်တွင် အမေရိကန် ရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာက တရုတ်၊ ဟောင်ကောင်နှင့် မကာအိုမှ ဆိုက်ရောက်ခရီးသည်များ အားလုံးထံမှ ရောဂါကင်းစင် ကြောင်း ဆေးစစ်ချက် လိုအပ်ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

တရုတ်သည် ရောဂါကူးစက်ရောဂါနှင့် ဗိုင်းရပ်မျိုးရိုးဗီဇဆိုင်ရာ ပွင့်လင်းမြင်သာပြီး ပြီးပြည့်စုံသော အချက်အလက်များကို အစီရင်ခံတင်ပြခြင်း မရှိသည့်အတွက် အမေရိကန်သည် ကိုဗစ်ပျံ့နှံ့မှုကို နှေးကွေးစေရန် စည်းကမ်းချက်ချမှတ်ခြင်းဖြစ်ကြောင်း CDC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်သည် ဇန်နဝါရီ ၅ ရက်မှ စတင်၍ တရုတ်နိုင်ငံမှ ဆိုက်ရောက်ခရီးသည်များအား နိုင်ငံတွင်းသို့ မဝင်ရောက်မီ ကိုဗစ်- ၁၉ ရောဂါပိုး ကင်းရှင်းကြောင်း ဆေးစစ်ချက် လိုအပ်သည်ဟု CDC က ပြောသည်။ တရုတ်သည် နိုင်ငံတွင်း ကိုဗစ် ပြန့်ပွားမှုကို ရပ်တန့်ရန် ကြိုတင်ကာကွယ်ရေးအစီအမံများ မချမှတ်တော့ဘဲ နိုင်ငံသားများကို လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးထားကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။

ထိုအခြေအနေကြောင့် ဝူဟန်မှ တစ်ကမ္ဘာလုံးသို့ ရောဂါပိုးပျံ့နှံ့ခဲ့သည့်  ၂၀၂၀ ခုနှစ်က အခြေအနေကဲ့သို့ ဖြစ်လာနိုင်ကြောင့် ဟု Hong Kong Times သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် စုပေါင်းကိုယ်ခံစွမ်းအား (herd immunity) ရရှိစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်အာရုံစိုက်နိုင်စေရန် နိုင်ငံသားအားလုံး ကိုဗစ်ရောဂါကူးစက်ခံရအောင် ကြိုးပမ်းနေသည်ဟု မီဒီယာတချို့က ဖော်ပြကြသည်။

သို့သော် မြေပြင်အခြေအနေမှာ ဖရိုဖရဲဖြစ်နေကြောင်း သတင်းများတွင် ဖော်ပြနေသည်။

တရုတ်နိုင်ငံတွင်ဆက်လက်ဖြစ်ပွားနေသော ကိုဗစ်လှိုင်းကြောင့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဝူဟန်၊ချုံချင့်နှင့် အခြားမြို့ပြများတွင် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ရုန်းကန်နေရပြီး ဆေးရုံများတွင် လူနာများ ပြည့်နှက်နေသလို ရင်ခွဲရုံများတွင်လည်း သေဆုံးလူ နာများပြည့်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly