တာလီဘန်အစိုးရ ယာယီဝန်ကြီး ၂ ဦးကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့

By Tolo News
13 March 2023
တာလီဘန်အစိုးရ ယာယီဝန်ကြီး ၂ ဦးကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့

ဥရောပကောင်စီသည် အာဖဂန်နစ္စတန်မှ ယာယီဝန်ကြီး ၂ ဦးအပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၃ ခုကို ကမ္ဘာ့လူ့အခွင့်အရေး ပိတ်ဆို့အရေးယူမှုဆိုင်ရာသတ်မှတ်ချက်အရ အရေးယူလိုက်ကြောင်း မတ်လ ၇ ရက်တွင် ကြေညာသည်။

အမျိုးသမီးများကို အဆင့်မြင့်ပညာသင်ကြားခွင့်နှင့် အများပြည်သူ သွားလာရာနေရာများတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းဆိုင်ရာတားမြစ်ချက်များကို ထုတ်ပြန်ခဲ့သော တာလီဘန်ဝန်ကြီး ၂ ဦးဖြစ်သည့် အဆင့်မြင့် ပညာရေးဝန်ကြီး နီဒါ မိုဟာမက် နာဒင်မ်နှင့် အစ္စလာမ်ဘာသာတရားနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဝန်ကြီး မိုဟာမက် ခါလစ်ဒ် ဟာနာဖီတို့သည် ဒဏ်ခတ်အရေးယူခံထားရသူ ၉ ဦးတွင် ပါဝင်ကြောင်း ဥရောပသမဂ္ဂကောင်စီက ထုတ်ပြန်သည်။

“ဒဏ်ခတ် အရေးယူခံရသော စာရင်းဝင်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ယခုအခါ အီးယူရှိ  ပိုင်ဆိုင်မှုများ ထိန်းချုပ်ခံထားရမည်ဖြစ်သည်။ ထို့ပြင် ပိတ်ဆို့ခံရမှုစာရင်းပါ ပုဂ္ဂိုလ်များသည် ဥရောပသမဂ္ဂနိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။ ဥရောပသမဂ္ဂ အတွင်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် အဆိုပါ ပိတ်ဆို့အရေးယူခံထားရသူများနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ငွေကြေးကိစ္စဖြင့် မဆက်စပ်ရန် တားမြစ်လိုက်သည်” ဟု   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန် အဆင့်မြင့်ပညာဝန်ကြီးဌာနသည် ယမန်နှစ်က မျိုးသမီးများအား တက္ကသိုလ်တက်ခွင့်ကို တားမြစ်ကြောင်း ဆုံးဖြတ်လိုက်သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရသည်။
သို့သော် နာဒင်မ်က တက္ကသိုလ်များကို ပိတ်ခြင်းသည် အမြဲတမ်း မဟုတ်ကြောင်း  မတ်လ ၇ ရက်က ပြုလုပ်သော ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

“မီဒီယာအားလုံးက အာရုံစိုက်နေတဲ့ ကိစ္စရှိတယ်။ အဲဒါက အမျိုးသမီး ပညာရေး ကိစ္စပါ။ ဒါဟာ တားမြစ်ချက်လို့ အစကတည်းက မပြောခဲ့ပါဘူး။ ယာယီ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

"အာဖဂန်နစ္စတန်ရဲ့ အခြေအနေနဲ့ အဖြစ်အပျက်တွေကို ထည့်သွင်းမစဉ်းစားဘဲ တက္ကသိုလ်တွေဘာကြောင့် ပိတ်ရတယ်ဆိုတဲ့  သူတို့ရဲ့ ဆန္ဒနဲ့ အကြံပြုချက်တွေကို အလေးထားပြောဆိုနေတာက လူတွေရဲ့ ထင်မြင်ချက်ကို အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု နာဒင်မ်က ဆိုသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required