စိတ်မချမ်းသာ ဖြစ်စေသော နှစ်တစ်နှစ်အလွန် ၂၀၂၃ ခုနှစ်အတွက် မဇ္စျိမ၏ နှစ်သစ်ဆုတောင်း

စိတ်မချမ်းသာ ဖြစ်စေသော နှစ်တစ်နှစ်အလွန် ၂၀၂၃ ခုနှစ်အတွက် မဇ္စျိမ၏ နှစ်သစ်ဆုတောင်း

မြန်မာပြည်သူပြည်သားများအတွက် စိတ်မချမ်းသာ ဖြစ်စေပြီး ဝရုန်းသုန်းကား ဖြစ်ခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာ ကုန်ဆုံးချိန်သို့ ရောက်ရှိလာစဉ် ၂၀၂၃ ခုနှစ်က မဇ္စျိမ စာဖတ်ပရိသတ်အတွက် ပျော်ရွှင်စရာနှစ်သစ် ဖြစ်ပါစေကြောင်း မိမိတို့ မဇ္စျိမ အယ်ဒီတာအဖွဲ့က ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြီးခဲ့သည့် ၁၂ လအတွင်း ခုနစ်စဉ်အမျှင်တန်းနေသည့် သတင်းဆိုးများကို မှတ်တမ်းရေးသွင်း၊ တင်ဆက်ဖော်ပြရခြင်းက မိမိတို့အတွက် စိတ်မချမ်းသာ ဖြစ်စေခဲ့သော်လည်း နွေဦးတော်လှန်ရေး၏ စိတ်ဓာတ်၊ အားမာန်ကတော့ ရှင်သန်တက်ကြွလျက်ပင် ဖြစ်ပေသည်။

၂၀၂၁ ခုနှစ်က အာဏာသိမ်းယူပြီး လူအများထောက်ခံသော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် မြန်မာပြည်သူလူထုအပေါ် တွက်ကိန်းမှားခဲ့သည် ဆိုသည်က သိသာထင်ရှားနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် နှစ်ရှည်ထောင်ဒဏ်များနှင့် ရင်ဆိုင်နေရသည်။ အာဏာကို မတရားသဖြင့် သိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချသည့် စစ်ဗိုလ်ချုပ်ကြီးများ၏ ဆုံးဖြတ်ချက်က အထင်နှင့်အမြင် တခြားစီ ဆိုသလို ၎င်းတို့ကိုယ်တိုင်အတွက် နောက်ဆုံးသော ပျက်စီးခြင်းနိမိတ် ဖြစ်ကောင်းဖြစ်စေနိုင်သည်။ မြန်မာပြည်သူတို့အနေဖြင့် နိုင်ငံတွင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း၏ အာဏာသိမ်းမှုနောက်ပိုင်း ဆယ်စုနှစ်များစွာကြာ လူမဆန်သော စစ်တပ်အုပ်ချုပ်မှုကို အပြီးတိုင် ဆုံးခန်းတိုင်စေရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များ လုပ်ဆောင်လာစေရန် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုက စေ့ဆော်ပေးခဲ့သည်။

သို့သော် အာဏာသိမ်းစစ်အုပ်စုကို ဖယ်ရှားရေးက အပြောလွယ်သလောက် အလုပ်ခက်သည်။ ၎င်းတို့သည် စဉ်းလဲဉာဏ်များပြီး သွေးခွဲအုပ်ချုပ်ရေး မူဝါဒတစ်ခုကို ကိုင်စွဲထားသည် ဖြစ်သည့်အတွက် လျှော့မတွက်သင့်ပေ။

သိသာရှင်းလင်းသည်က အာဏာသိမ်းစစ်အုပ်စု “ရပ်တန်းက ရပ်” သင့်ပြီ ဆိုသည့် အသိခံစားမှုတစ်ခုက ပြည်သူများအကြား ရှိနေသည်။ စစ်ဗိုလ်ချုပ်ကြီးများ၏ ညစ်ပတ်နေသော အင်္ကျီနောက်စကို မြဲမြဲကိုင်ထားသည့် စစ်အုပ်စု လိုလားထောက်ခံသူ အနည်းငယ် ရှိသော်လည်း မြန်မာနိုင်ငံသား အများစုအနေဖြင့်ကမူ မကောင်းမှုများ ကျူးလွန်ထားသည့် အနှီပုဂ္ဂိုလ်များကို နိုင်ငံမှ ဖယ်ရှားရှင်းထုတ်နိုင်ရေး အပြင်းအထန် ကြိုးပမ်းရန်နှင့် မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအောက်ရှိ လွတ်လပ်မှုဆီ ဦးတည်မည့် လမ်းကြောင်းတစ်ခုဆီ ရောက်စေရေး ကြိုးပမ်းရန်မှတပါး အခြားနည်းလမ်း မရှိ ဆိုသည်ကို လက်ခံထားကြသည်။

အာဏာသိမ်းစစ်အုပ်စုကို ဖယ်ရှားရေးက လွယ်ကူလိမ့်မည် ဆိုသည့် အတွေးမှားအောက်တွင် မည်သူမှ ရှိမနေပါ။ မကြာသေးခင်က မြန်မာနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ခြင်း၊ အမေရိကန်အစိုးရ၏ ဘားမားအက် ဥပဒေ အတည်ပြုခြင်းတို့က မြန်မာ့အရေးက အရေးကြီးသည် ဆိုပြီး နိုင်ငံတကာကို သတိပေးကောင်းပေးနိုင်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ရှိ စိတ်ဓာတ်ပြင်းထန်မာကျောသော တော်လှန်ရေးတပ်ဖွဲ့ဝင်စစ်သည်တော်များနှင့် နိုင်ငံတွင်းရှိ တိုက်ပွဲများဖြစ်နေသည့် ဧရိယာများတွင် သေနတ်လွယ်ကာ တော်လှန်နေကြသူများအတွက် ဝမ်းနည်းစရာ အမှန်တရားကတော့ မည်သူကမှ မိမိတို့ကို လာကူပေးမည် မဟုတ် ဆိုသည်ပင် ဖြစ်သည်။ အထူးသဖြင့် ခြေခြေမြစ်မြစ် ထိရောက်သော နည်းလမ်းတစ်ခုဖြင့် ဖြစ်သည်။ ဒါသည် ယူကရိန်း မဟုတ်ပါ။  ယူကရိန်းဆိုလျင်တော့ ဒေါ်လာ ဘီလီယံများစွာ ကူညီပံ့ပိုးမှုများ ရထားသလို ရုရှား၏ ကျူးကျော်စစ်ကို ရင်ဆိုင်ခုခံတိုက်ခိုက်နေသည့် ယူကရိန်းအစိုးရသည် အမျိုးစုံသော လက်နက်အကူအညီအများအပြား ရထားခဲ့သည်ကို မြင်တွေ့ရမည် ဖြစ်သည်။

သို့ဖြစ်စေကာမူ ကုလ လုံခြုံရေးကောင်စီ မဲခွဲ ဆုံးဖြတ်မှုက ၂၀၂၃ ခုနှစ်ထဲတွင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် ပြင်ဆင်နေသော မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို အားနည်းသည့် အနေအထားတစ်ခုသို့ ရောက်စေခဲ့သည်။
“ရွေးကောက်ပွဲ ခေါ်ယူမှု” က တကယ်တမ်းတွင် နိုင်ငံရှိ အမျိုးမျိုးသော ပါဝင်ပတ်သက်သူများအကြား ထပ်မံ သွေးကွဲစေရန် စစ်ကောင်စီဘက်က လုပ်ခွင့်ရစေမည့် မှိုင်းကာတစ်ခု ဖြစ်သလား ဆိုသည်ကို လက်ရှိအခြေအနေတွင် သဲသဲကွဲကွဲ မသိရသေးပေ။

အကယ်၍ ယခု ရွေးကောက်ပွဲ ကြိုးပမ်းမှုက အမှန်စင်စစ် ဖြစ်ပါက အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ၎င်းတို့အပေါ် ထောက်ခံမှုအပိုင်းတွင် တရုတ်၊ ရုရှားနှင့်အတူ ဖြစ်နိုင်ခြေအားဖြင့် ဂျပန်၊ အိန္ဒိယ၊ ထိုင်းနှင့် အာဆီယံ အုပ်စု အပါအဝင် အနည်းဆုံး နိုင်ငံတချို့ ပူးပေါင်းပါဝင်လာနိုင်မှုနှင့်အတူ သိသာသော အတိုင်းအတာတစ်ခုဖြင့် ဒေသတွင်း အခြေအနေကို ရှုပ်ထွေးစေပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် စိတ်မလုံမလဲဖြစ်စရာ တရားဝင်မှုကို ရရှိနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် ၎င်းတို့ အာဏာသိမ်းစစ်အုပ်စုကို လိုလားထောက်ခံသည့် နိုင်ငံရေးပါတီများ အနိုင်ရရေးကို မျှော်လင့်နေလိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပရန် စစ်ဗိုလ်ချုပ်ကြီးများ အသည်းအသန် တွန်းထိုးလုပ်ဆောင်နေခြင်းကြောင့်လည်း NUG နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကဲ့သို့ နွေဦးတော်လှန်ရေး၏ ပါဝင်သူများအနေဖြင့် စစ်မြေပြင်နှင့် နိုင်ငံရေး ဩဇာအာဏာ နယ်ပယ်ဧရိယာများတွင် တိုက်ပွဲဝင်မှုများကို အရှိန်မြှင့်တင်ရစေရန် လှုံ့ဆော်ရာရောက်စေသည်ဟု ယူဆရလိမ့်မည်ဖြစ်သည်။

သို့သော် ဤဇာတ်ညွှန်းသည် အာဏာသိမ်းစစ်ကောင်စီက ပါဝင်သူများကို သူ့ဘက်ပါလာအောင် သိမ်းသွင်းစည်းရုံးရန် အသုံးပြုသည့် ကစားနည်းတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အဓိက အပြောင်းအလဲဖြစ်စေမည့် နှစ်တစ်နှစ် ဖြစ်ကြောင်းကို ကောင်းစွာ ပြသလာနိုင်သည်။ သို့သော် အကယ်၍ တော်လှန်ရေး လှုပ်ရှားမှုက နိုင်ငံအတွက် အဆုံးအဖြတ်ပေးနိုင်ရန် မဲတင်းပေးနိုင်သည့် အလားအလာတစ်ခုခု ရှိမည် ဆိုပါက စစ်အုပ်စု၏ ရွေးကောက်ပွဲ (မပိမရိ) ဟန်ဆောင်မှုက အကြီးအကျယ် ပွဲဖျက်ခံရလိမ့်မည်ဖြစ်ပြီး နိုင်ငံတကာစင်မြင့်ထက်တွင် တောင်းဆိုမှုများက တိုး၍ ကျယ်လောင်လာလိမ့်မည် ဖြစ်သည်။ အားလုံး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြလိမ့်မည်ဟု မိမိတို့ ထင်မိပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required