ကိုဗစ်ကူးစက်ခံထားရသည့် တရုတ်ဆရာဝန်များနှင့်သူနာပြုများ အလုပ်ဆင်းရန် ဖိအားပေးခံနေရ

ကိုဗစ်ကူးစက်ခံထားရသည့် တရုတ်ဆရာဝန်များနှင့်သူနာပြုများ အလုပ်ဆင်းရန် ဖိအားပေးခံနေရ

တရုတ်နိုင်ငံတွင် ကန့်သတ်ချက်များဖြေလျှော့ပေးပြီးနောက် ပြည်သူများအကြား ဗိုင်းရပ်စ် ကူးစက်ပျံ့နှေ့နေချိန်တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသော ဆရာဝန်များနှင့် သူနာပြုများသည် အလုပ်ဆက်တိုက်ဆင်းရန် ဖိအားပေးခံနေရကြောင်း ဝန်ထမ်းများနှင့် ဒေသခံများက ပြောသည်။

ပေကျင်းမြို့မှ တချို့ဆေးရုံများသည် ရောဂါကူးစက်ခံထားရေသော ဝန်ထမ်း ၈၀ ရာခိုင်နှုန်းခန့်အထိရှိသော်လည်း ဝန်ထမ်းလိုအပ်ချက်ကြောင့် အများစုမှာ အလုပ်ဆက်ဆင်းနေရဆဲဖြစ်သည်ဟု ပေကျင်းရှိ ပြည်သူ့ဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦးက Reuters သတင်းဌာနသို့ပြောသည်။

လူနာသည် အရေးပေါ်အခြေအနေမဟုတ်ပါက ဆေးရုံတွင် ခွဲစိတ်ကုသမှုပြုလုပ်သည့် အစီအစဉ်များကို ဖျက်သိမ်း ထားကြောင်း အမည်မဖော်လိုသူ ဆရာဝန်က ပြောသည်။

“တရုတ်နိုင်ငံမှာ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို မဖြေလျှော့ခင် အချိန်အတော်ကြာကတည်းက ကိုဗစ် ကူးစက်မှုတွေက စတင်ပျံ့နှံ့နေပါပြီ” ဟု ကမ္ဘာ့ကျန်းမာရေးဌာန (WHO) အရေးပေါ် အကြီးအကဲ မိုက်ကယ် ရိုင်ယန်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

စီချွမ်ပြည်နယ်မှ လီအမည်ရှိ ဆရာဝန်က တတိယအဆင့်ဆေးရုံတွင် လူနာများဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။

“အဖျားရှိလို့ ဆေးရုံလာပြတဲ့သူက နေ့စဉ် ၇၀၀၊ ၈၀၀ ဦးလောက်ရှိပါတယ်။ အဖျားနဲ့အအေးမိရောဂါအတွက်က ဆေးပြတ်နေပါပြီ။ ဆေးပေးခန်းက ဆရာမတချို့လည်း ကိုဗစ်ကူးစက်ခံထားရတယ်။ ဆေးရုံဝန်ထမ်းတွေအတွက် အထူးကာကွယ်ရေးလုပ်ဆောင်ချက်တွေလည်းမရှိတော့ မကြာခင် အတော်များများ ကူးစက်ခံရတော့မယ် ထင်ပါ တယ်” ဟု လီက ပြောသည်။

ဆေးရုံဝန်ထမ်းများ ရောဂါကူးစက်ခံနေရသည်ဆိုသောသတင်းများမှာလည်း လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ ချုံချင့်ဒေသခံတစ်ဦးက မြို့တော်အတွင်း အခြေခံကျန်းမာရေးစောင့်ရှောက်မှုမှာ ပြိုလဲသွားပြီဖြစ်ကြောင်း ပြောသည်။

တရုတ်နိုင်ငံ၏ လူဦးရေ ၁ ဒသမ ၄ ဘီလီယံကို ကာကွယ်ဆေးအပြည့်အဝ မထိုးနိုင်သေးသည့်အပေါ် WHO က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required