တရုတ်နှင့်ဆက်နွှယ်သော ဘက်ထရီကုမ္ပဏီကို အမေရိကန်ကထောက်ပံ့ငွေပေးမှုအား ရီပတ်ဘလင်ကန်အမတ်များ ဝေဖန်

တရုတ်နှင့်ဆက်နွှယ်သော ဘက်ထရီကုမ္ပဏီကို အမေရိကန်ကထောက်ပံ့ငွေပေးမှုအား ရီပတ်ဘလင်ကန်အမတ်များ ဝေဖန်

တရုတ်အစိုးရနှင့်ဆက်စပ်မှုရှိသော လီသီယမ်ဘက်ထရီကုမ္ပဏီ Microvast Holdings အား အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ငွေပေးအပ်သည့် အမေရိကန်စွမ်းအင်ဌာနဆုံးဖြတ်ချက်ကို ရီပတ်ဘလင်ကန်အမတ် ၂ ဦးက ဒီဇင်ဘာ ၇ ရက်တွင် ပြင်းပြန်းထန်ထန် ဝေဖန်လိုက်သည်။

တက္ကဆက်အခြေစိုက် Microvast ကုမ္ပဏီသည် တန်နက်စီပြည်နယ်တွင် လျှပ်စစ်ကားဘက်ထရီ အစိတ်အပိုင်းထုတ်စက်ရုံသစ်တည်ဆောက်ရန် အမေရိကန်စွမ်းအင်ဌာနမှ ဒေါ်လာ သန်း ၂၀ ထောက်ပံ့မှုကို အောက်တိုဘာလက ရရှိထားပြီးဖြစ်သည်။

ဘက်ထရီကုမ္ပဏီ Microvast ၏ ပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်နိုင်ငံတွင် ရှိပြီး ၂၀၂၁ ခုနှစ်တွင် ၎င်းဝင်ငွေ၏ ၆၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း အိမ်တွင်းသိပ္ပံကော်မတီဆိုင်ရာ ရီပတ်ဘလင်ကန်ထိပ်တန်းအမတ် ဖရန့်လူးကပ်စ်က ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် ဆက်စပ်မှုရှိသည်ဟု သိထားသော ကုမ္ပဏီတစ်ခုအား ရန်ပုံငွေပေးအပ်ခြင်းသည် အမေရိကန်အခွန်ထမ်းများ၏ ဒေါ်လာများကို တရုတ်ကွန်မြူနစ်ပါတီ အမြတ်ထုတ်ခြင်းမှ ကာကွယ်မည့် ဌာန၏စွမ်းရည်အပေါ် စိုးရိမ်စရာဖြစ်စေသည်ဟု လူးကပ်စ်က စွမ်းအင်ဝန်ကြီး ဂျနီဖာဂရန်ဟုမ်းသို့ စာရေးသားပေးပို့ခဲ့သည်။

Microvast နှင့် General Motors (GM.N) ကုမ္ပဏီတို့သည် အထူးထုတ်လုပ်ထားသော လျှပ်စစ်ကား (EV) ဘက်ထရီ အစိတ်အပိုင်းနည်းပညာကို တီထွင်ရန်နှင့် အမေရိကန်တွင် ဘက်ထရီအစိတ်အပိုင်းစက်ရုံ သစ်တည်ဆောက်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်အကိုင် ရာပေါင်းများစွာ ဖန်တီးပေးလိမ့်မည်ဟု နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။ ကုမ္ပဏီများသည် စီမံကိန်းတွင် ဒေါ်လာ ၃၀၄ သန်း ရင်းနှီးမြှုပ်နှံထားသည်ဟု Microvast က ပြောသည်။

စွမ်းအင်ဌာနက Microvast သည် အမေရိကန်ဘက်ထရီကုမ္ပဏီတစ်ခုဖြစ်ပြီး ထောက်ပံ့ငွေပေးအပ်လိုက်ခြင်း အားဖြင့် ထုတ်ကုန်ပစ္စည်းများအတွက် တရုတ်ကို အားကိုးရန်မလိုတော့ဘဲ နိုင်ငံတွင်း၌ ဘက်ထရီအစိတ်အပိုင်းထုတ်လုပ်သည့်စက်ရုံ ဆောက်ခွင့်ရလိမ့်မည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly