ကိုဗစ်ကန့်သတ်ချက်ကြောင့် တရုတ်စက်ရုံနှင့်ဝန်ဆောင်မှုလုပ်ငန်းများ ၇ လဆက်တိုက် ကျဆင်း

ကိုဗစ်ကန့်သတ်ချက်ကြောင့် တရုတ်စက်ရုံနှင့်ဝန်ဆောင်မှုလုပ်ငန်းများ ၇ လဆက်တိုက် ကျဆင်း

တရုတ်နိုင်ငံတွင် တင်းကျပ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် ရောဂါကူးစက်မှုမြင့်တက်လာခြင်းတို့ကြောင့် ထိခိုက်ခဲ့ရသော ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများသည် နိုဝင်ဘာလတွင် ၇ လဆက်တိုက်အဖြစ် ကျဆင်းခဲ့ပြီး ၂၀၂၃ ခုတွင် စီးပွားရေးအပေါ် အထိနာစေနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကြောင့် နေရာအများအပြားတွင် နှစ်ရှည်လများ အသွားအလာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ပိတ်ဆို့အရေးယူမှုများက တရုတ်နိုင်ငံရှိ Apple Inc ၏ ကမ္ဘာ့အကြီးဆုံး iPhone ထုတ်စက်ရုံ၏ ထုတ်လုပ်မှုကို ထိခိုက်စေခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်ကုန်၏ ၄ ပုံ ၁ ပုံခန့်ကို သက်ရောက်မှု ရှိခဲ့သည်ဟု လေ့လာသူတစ်ဦးက ခန့်မှန်းခဲ့သည်။

တင်းကျပ်သော ကိုဗစ်-၁၉ စီမံချက်များကြောင့် သီတင်းပတ်ကုန်က မြို့ကြီးများစွာတွင် ဖြစ်တောင့်ဖြစ်ခဲ ဆန္ဒပြမှုများလည်း ပေါ်ပေါက်ခဲ့သည်။

ကုန်ထုတ်လုပ်မှုအညွှန်းကိန်း (PMI) မှာ အောက်တိုဘာလက ၄၉ ဒသမ ၂ ရှိရာမှ နိုဝင်ဘာလတွင် ၄၈ ဒသမ ၀ သို့ ကျဆင်းခဲ့ကာ ၇ လအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံစာရင်းအင်းဗျူရိုက ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ထုတ်လုပ်မှုမဟုတ်သော ဝန်ဆောင်မှုကဏ္ဍအညွှန်းကိန်းမှာလည်း အောက်တိုဘာလက ၄၈ ဒသမ ၇ ရှိရာမှ နိုဝင်ဘာတွင် ၄၆ ဒသမ ၇ သို့ ကျဆင်းခဲ့သည်။

အိမ်ခြံမြေတန်ဖိုးကျဆင်းမှုနှင့် တရုတ်ထုတ်ကုန်အပေါ် ကမ္ဘာ့ဝယ်လိုအားလျော့နည်းလာခြင်း၏သက်ရောက်မှုကို ခံစားနေရသော ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်သည် ကိုဗစ်-၁၉ ကူးစက်မှုဖိအားကို ထပ်မံရင်ဆိုင်နေရပြီး နိုဝင်ဘာ ၂၇ ရက်ကလည်း ကူးစက်မှုစံချိန်တင် မြင့်တက်ခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ ဆက်လက်ဆိုးရွားလာသောကြောင့် ဆုံးရှုံးမှုများဆက်ဖြစ်နေကာ ၂၀၂၃ ခုနှစ်စီးပွားရေးကို ကြီးကြီးမားမား သက်ရောက်လိမ့်မည်ဟု တရုတ်စီးပွားရေးပညာရှင် ရှီအန်နာယွေ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly