ချင်းပြည်နယ်ရှိ စာသင်ကျောင်းများ၌ ကျောင်းသားများပျက်ကွက်စာရင်း နယ်မြေခံတပ်ရင်းများထံ နေ့စဉ်ပို့နေရ

ချင်းပြည်နယ်ရှိ စာသင်ကျောင်းများ၌ ကျောင်းသားများပျက်ကွက်စာရင်း နယ်မြေခံတပ်ရင်းများထံ နေ့စဉ်ပို့နေရ

September 28

ချင်းပြည်နယ်အတွင်း စစ်ကောင်စီမှ ဖွင့်လှစ်ထားရှိသည့် စာသင်ကျောင်းများ၌ တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူများ၏ နေ့စဉ်အတန်းတက် စာရင်းများကို နယ်မြေခံတပ်ရင်းများမှလာရောက် တောင်းယူနေကြကြောင်း သိရသည်။

“မနေ့ကစပြီး မတူပီမြို့မှာတော့ ပေးနေရတယ်၊ အတန်းထဲမှာ ကျောင်းသားဘယ်နှစ်ယောက်ရှိလဲ၊ ဒီနေ့ဘယ်နှစ်ယောက် တက်ကြလဲ၊ ခွင့်ဘယ်လောက်ပျက်ကွက်လဲ၊ ဘာကြောင့်ပျက်ကွက်တာလဲဆိုတာတွေကို တပ်ကသူတွေက လာတောင်းတယ်၊ ဆရာကြီးကလည်း ဆရာမတွေဆီကနေ စာရင်းပြုစုပြီးပေးရတာပေါ့၊ နေ့တိုင်းလာကောက်မဲ့ပုံစံ ရှိနေတယ်''ဟု ကျောင်းဆရာတစ်ဦးထံမှ သိရသည်။

ယခုနှစ် စာသင်နှစ်အစပိုင်းတွင် ကျောင်းများတွင်တက်ရောက်သည့် ကျောင်းသားဦရေ အတန်အသင့်များပြားခဲ့သော်လည်း ကျောင်းသုံးဖတ်စာအုပ်များ စုံလင်စွာမရရှိခြင်းနှင့် မြို့ဝင်မြို့ထွက် စစ်ဆေးတင်းကျပ်ခြင်းများကြောင့် ကျောင်းသားအများအပြား ကျောင်းထွက်သွားကြပြီး လက်ရှိတွင် မတူပီမြို့ပေါ်စာသင်ကျောင်း အထက(၁)နှင့် အထက(၂) နှစ်ကျောင်းသာ ဖွင့်လှစ်ထားနိုင်သည်ဟု သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဖလမ်းမြို့ပေါ်ရှိစာသင်ကျောင်းများတွင်လည်း ကျောင်းသားများ၏ နေ့စဉ်ပျက်ကွက်စာရင်းကို နယ်မြေခံတပ်ရင်းမှူးအား ပေးနေရကြောင်းလည်း သိရသည်။

''ကျွန်မတို့ဖလမ်းမြို့တင်မဟုတ်ပါဘူး၊ စာသင်ကျောင်းဖွင့်ထားတဲ့မြို့နယ်တွေကကျောင်းတွေမှာ ကလေးတွေ ကျောင်းတက်မှန်ရဲ့လား၊ပျက်ကွက်ရင်လည်း ဘာကြောင့်ပျက်ကွက်တာလဲ၊ ဒါမျိုးတွေ စာရင်းနေ့စဉ်လာကောက်ကြတယ်၊ တချို့ကျောင်းသားမိဘတွေကျတော့ ဒီလိုစစ်တပ်က ကိုယ်တိုင် ကျောင်းတွေမှာ စာရင်းလာကောက်တော့ ဘာဖြစ်မလဲဆိုပြီး စိုးရိမ်တာတွေတော့ရှိတာပေါ့''ဟုလည်း ကျောင်းဆရာမတစ်ဦးက ပြောသည်။

ချင်းပြည်နယ်အတွင်း ဒေသခံကာကွယ်ရေးတပ် CDFထိန်းချုပ်ထားရှိသည့် နယ်မြေများတွင် CDMဆရာများ ဦးစီးပြီးဖွင့်လှစ်ထားရှိသည့် စာသင်ကျောင်းများတွင် တက်ရောက်သည့်ကျောင်းသားဦးရေမှာ များပြားနေပြီး စစ်ကောင်စီဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် တက်ရောက်သည့်ဦးရေ အနည်းငယ်သာရှိနေသည်ဟုလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်

#မတူပီမြို့နယ်

#စစ်ကောင်စီ

#စာသင်ကျောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required