လီဝန်ဒေါစကီး ဂိုးသွင်းတာမခံရလို့ ဝမ်းသာတဲ့ နာဂျယ်စမန်း၊ ဘိုင်ယန်အသင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံတဲ့ နူအာ

လီဝန်ဒေါစကီး ဂိုးသွင်းတာမခံရလို့ ဝမ်းသာတဲ့ နာဂျယ်စမန်း၊ ဘိုင်ယန်အသင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံတဲ့ နူအာ
Photo: EPA

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂျူလီယန် နာဂျယ်စမန်းက အင်္ဂါနေ့က ချန်ပီယံလိဂ်မှာ ရောဘတ်လီဝန်ဒေါစကီး ဂိုးသွင်းတာမခံရလို့ ဝမ်းသာမိကြောင်း ပြောဆိုခဲ့သလို ဂိုးသမား နူအာကလည်း သူတို့ ကံကောင်းခဲ့တယ်လို့ ဝန်ခံသွားပါတယ်။

လီဝန်ဒေါစကီးဟာ ပွဲမစခင် သွေးပူလေ့ကျင့်ခန်းအတွင်း အိမ်ကွင်းပရိသတ်တွေရဲ့ နွေးထွေးတဲ့ လက်ခုပ်သံများနဲ့ နှုတ်ဆက်မှုရရှိခဲ့ပြီး အဖွင့်ဂိုးသွင်းခွင့်များစွာ ရရှိခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ အသင်းဟောင်း ဘိုင်ယန်နဲ့ ပထမဆုံး ပြန်လည်ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ သူ့ရဲ့ volley ကန်ချက်ဟာ ဂိုးဘားပေါ် ကျော်သွားခဲ့သလို ခေါင်းတိုက်ချက် တစ်ကြိမ်ကိုလည်း နူအာက လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

"လီဝန်အတွက် ဒါဟာ တကယ့်ကို စိတ်ခံစားမှု ဖြစ်ရတဲ့ ပွဲတစ်ပွဲလို့ ကျနော်ထင်ပါတယ်။ သူအိမ်ပြန်ရောက်လာတာနဲ့ ခပ်ဆင်ဆင်ပါပဲ၊ ဘာကြောင့်လဲဆိုတော့ သူက ဒီမှာ အရမ်းအောင်မြင်ခဲ့လို့ပါ"လို့ ဘိုင်ယန်အသင်းခေါင်းဆောင် နူအာက Amazon Prime ကို ပြောပါတယ်။

“အဆုံးအဖြတ်အခိုက်အတန့်တွေမှာ ကံတရားက သူ့ဘက်မှာမရှိခဲ့ဘူး၊ ဒါက ကျနော်တို့ရဲ့ကံကောင်းမှုဖြစ်လာတယ်။

“သူ့ရဲ့ ဘော်လီကန်ချက်က (၁၉ မိနစ်) မှာ ဂိုးဘားပေါ် ကျော်သွားခဲ့တာက ကျနော့်တို့ ကံကောင်းမှု နည်းနည်းတော့ ရခဲ့တယ်၊ ဒါပေမယ့် ကျနော်တို့ တကယ်ကို ခံစစ်ပိုင်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တယ်လို့ ထင်ပါတယ်။”

ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းမှာ လူးကပ်စ်ဟာနန်ဒက်စ်၊ ဆာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ ဘာစီလိုနာအသင်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တာပါ။

နာဂျယ်စမန်းကလည်း သူတို့ရဲ့ အနိုင်ရရှိမှုဟာ လီဝန်ဒေါစကီးနဲ့ပတ်သက်တဲ့ မေးခွန်းတွေ အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပွဲအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

"သူကောင်းကောင်းကစားခဲ့ပါတယ်။ ကျနော်တို့အမြင်အရတော့ သူဂိုးမသွင်းနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်၊ ဒါပေမယ့် သူက အန္တရာယ်ပေးခဲ့မှန်း ကျနော်သိပါတယ်။"

“ပွဲအပြီးမှာ ကျနော် သူ့ကိုတွေ့ပြီး ပွေ့ဖက်လိုက်ပေမယ့် သူက မတူညီတဲ့ကလပ်တစ်ခုအတွက် ကစားနေပြီး ကျနော့်မှာ အထူးဂရုစိုက်ရမယ့် ကစားသမားတွေရှိပါတယ်။

"ဒီတစ်ပတ် ကျနော့်မှာ လီဝန်ဒေါစကီးအတွက် မေးခွန်း ၆၅ ခု ရှိခဲ့မှာပါ။ ဒီမေးခွန်းတွေ ဇာဗီကို အခု ခင်ဗျား မေးလို့ရပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကျနော့်ကစားသမားမဟုတ်တော့ဘူးလေ။"

ဘိုင်ယန်မြူးနစ်ဟာ အောက်တိုဘာ ၂၆ ရက်မှာ ဘာစီလိုနာနဲ့ ပြန်လည်ကစားဖို့ နူးကမ့်ကွင်းကို သွားရောက်မှာ ဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required