ဘိုင်ယန်ဟာ ကိန်းကို ခေါ်ယူဖို့ စပါးအသင်းနဲ့ သဘောတူညီမှု ရရှိ

ဘိုင်ယန်ဟာ ကိန်းကို ခေါ်ယူဖို့ စပါးအသင်းနဲ့ သဘောတူညီမှု ရရှိ
Photo: AFP

ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်အသင်းမှ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ဘွန်ဒက်လီဂါအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ (အမေရိကန်ဒေါ်လာ သန်း ၁၁၀)ကျော်ဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ သတင်းတွေက ဖော်ပြပါတယ်။

တော့တင်ဟမ်ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းက ကိန်းဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန် ၂၀၂၄ မှာ အလွတ်ဖြင့် ထွက်ခွာနိုင်တာကို သတိပြုပြီး မြင့်မားတဲ့ ကြေးဖြင့် တွန်းတင်ခဲ့တာကြောင့် ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေးပွဲတွေ ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့ရတာပါ။

ဘိုင်ယန်ဟာ အသက် ၃၀ အရွယ် တိုက်စစ်မှူးအတွက် နောက်ဆုံး ကမ်းလှမ်းမှု တင်ပြခဲ့ပြီး ယူရို သန်း ၁၀၀ တန် အတားအဆီးကို ပထမဆုံးအကြိမ် ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကလပ်နှစ်သင်းကြားက သဘောတူညီမှုကို Athletic က ပထမဆုံး သတင်းဖော်ပြခဲ့ပြီး Sky Sports နဲ့ အခြားဗြိတိသျှသတင်းဌာနတွေနဲ့ ဂျာမန်မီဒီယာအချို့က နောက်ကလိုက်ပြီး ဖော်ပြခဲ့ပါတယ်။

ဥရောပချန်ပီယံ ခြောက်ကြိမ်ရ ဘိုင်ယန်ဟာ သူတို့ရဲ့ ဥရောပပြိုင်ဘက်တွေထက် အပြောင်းအရွှေ့စရိတ်တွေမှာ ကြီးကြီးမားမားသုံးစွဲဖို့ သမိုင်းကြောင်းအရ ပိုမိုတွန့်ဆုတ်နေခဲ့တဲ့ အသင်းပါ။

ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်အတွက် ၂၀၁၉ က ပေးချေခဲ့တဲ့ သူတို့ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ ကို ယူရိုသန်း ၁၀၀ ကျော်ပမာဏက ကောင်းကောင်းပဲ ကျော်ဖြတ်သွားခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ၂၀၂၃ မှာ ဘိုင်ယန်ကနေ ပီအက်စ်ဂျီကို ယူရို ၄၅ သန်းဖြင့် ထွက်ခွာခဲ့ပါတယ်။

ဘိုင်ယန်ဟာ ၂၀၂၁-၂၂ ရာသီကုန်မှာ ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးရဲ့ ဘာစီလိုနာဆီ ထွက်ခွာသွားကတည်းက တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေခဲ့တာပါ။

ဘိုင်ယန်ဟာ မြူးနစ်မှာ လီဝန်ဒေါစကီးရဲ့ ၈ ရာသီတိုင်းမှာ ဘွန်ဒက်လီဂါကို ဆွတ်ခူးခဲ့ပြီး ပိုလန်သားဟာ ၃၇၅ ပွဲကစား ၃၄၄ ဂိုး သွင်းယူပါတယ်။

ဘာဗေးရီးယန်းတွေဟာ ပြီးခဲ့တဲ့ရာသီက လီဝန်ဒေါစကီး မရှိတော့တဲ့အတွက် ရုန်းကန်ခဲ့ရပါတယ်။

လီဝန်ဒေါစကီးဟာ မြူးနစ်မှာ သူ့ရဲ့ ၈ နှစ်တာကာလအတွင်း တစ်ရာသီလျှင် ပျမ်းမျှ ဂိုး ၃၀ သွင်းနိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၃ မှာ ဘိုင်ယန်မြူးနစ်ကစားသမားတစ်ယောက်ကမှ လိဂ်သွင်းဂိုး ၁၅ ဂိုးထိ မသွင်းနိုင်ခဲ့ပါဘူး။

သူတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ နောက်ဆုံးချန်ပီယံ မန်ချက်စတာစီးတီးတို့ရဲ့ ဖယ်ရှားတာခံရပြီး ဘွန်ဒက်လီဂါမှာလည်း ဒေါ့မွန်ကို ဂိုးကွာခြားချက်ဖြင့်သာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကိန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ရာသီအတွင်း ၃ ကြိမ်ကလွဲလို့ လိဂ်ဂိုး ၂၀ ကျော် သွင်းယူခဲ့ကာ ရွှေဖိနပ်ဆု ၃ ကြိမ် ရရှိခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဟာလန်း (၃၆) ဂိုးနဲ့နောက် ပရီးမီးယားလိဂ် ဂိုးသွင်းဇယားမှာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပေမယ့်လည်း ကိန်းဟာ ၂၀၂၂-၂၃ အတွင်း လိဂ်ဂိုး ၃၀ သွင်းယူခဲ့ပြီး သူ့ရဲ့အကောင်းဆုံးမှတ်ကျောက်နဲ့ တူညီခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required