ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) အတွက် ရန်ပုံငွေ ကံစမ်းမဲ လက်မှတ်ရောင်းချ

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) အတွက် ရန်ပုံငွေ ကံစမ်းမဲ လက်မှတ်ရောင်းချ

September 13
မဇ္စျိမ ။ ။ ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF - Matupi အတွက် ရန်ပုံငွေ ကံစမ်းမဲလက်မှတ် များ စတင် ရောင်းချနေပြီဖြစ်ကြောင်း CDF-Matupi Fundraising Committee မှ ကြေညာသည်။

ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၅၀ (မြန်မာငွေ တစ်သိန်းကျပ်) သတ်မှတ်ထားပြီး လက်မှတ် အစောင်ရေ ၁,၀၀၀ (တစ်ထောင်) ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ဆုကြေးငွေအဖြစ် ပထမဆု ကန်ဒေါ်လာ ၅,၀၀၀ ၊ ဒုတိယဆု ၃,၀၀၀ နှင့် တတိယဆု ကန်ဒေါ်လာ ၁,၀၀၀ ဖြစ်ပြီး လက်မှတ်များကို စက်တင်ဘာ ၁၁ရက်နေ့ မှ အောက်တိုဘာ ၁၁ရက်အထိ ရက်ပေါင်း ၃၀ ရောင်းချသွားမည်ဖြစ်ကြောင်း ဆိုသည်။

လက်မှတ်များအား အမေရိကန် နှင့် မြန်မာနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၀နိုင်ငံရှိ အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ဝယ်ယူနိုင်ကြောင်းနှင့် CDF-Matupi Fundraising Committee Page မှ လည်းဆက်သွယ်ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

“စစ်အာဏာရှင်ကို အမြစ်ဖြတ်ဘို့အတွက် မြန်မာပြည်တွင်း၊ ပြည်ပ မှာရှိကြတဲ့ မိဘပြည်သူများအနေနဲ့ အခုရန်ပုံငွေရှာတဲ့အစီအစဉ်ကို ဝိုင်းဝန်း အားပေးကြဘို့ မေတ္တာရပ်ခံလိုပါတယ်” ဟု CDF – Matupi တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အကြမ်းဖက်စစ်အာဏာရှင်တိုက်ဖျက်ရေး အချိန်ကာလ ရှည်ကြာလာသည်နှင့် အမျှ တပ်ဖွဲ့ဝင်များတိုးပွားလာမှုရှိသကဲ့သို့ ၎င်းတို့အား လက်နက်ခဲယမ်း တပ်ဆင်မှုလိုအပ်ချက်များအတွက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်းဆိုသည်။

CDF – Matupi တပ်ဖွဲ့တွင် တပ်ရင်း (၅)ရင်းရှိပြီး ပြည်တွင်းပြည်ပ မှ ထောက်ပံ့ပေးမှုများကြောင့် ခက်ခဲစွာ ရပ်တည်တိုက်ပွဲဝင်လျက်ရှိကာ ယခုနောက်ပိုင်းတွင် အလှူငွေ လက်ခံရရှိမှု နည်းပါးလာနေကြောင်း သိရသည်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိကြသော မတူ လူမျိုးများသာမက မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ဖြုတ်ချပြီး ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော ဘုံရည်မှန်းချက်တူသူများလည်း ပါဝင်အားဖြည့် ကူညီပေးကြပါရန် CDF-Matupi Fundraising Committee မှ ဖိတ်ခေါ်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်အာဏာရှင်

#CDF

#ချင်းပြည်နယ်

#ကံစမ်းမဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required