သဘာဝဘေးကြိုတင်ကာကွယ်ရန် ကြံ့ခိုင်ရေးအမတ် အရေးကြီးအဆိုတင်

သဘာဝဘေးကြိုတင်ကာကွယ်ရန် ကြံ့ခိုင်ရေးအမတ် အရေးကြီးအဆိုတင်

နေပြည်တော်(ဖေဖော်ဝါရီ ၂၂)။ ။ အယ်လ်နီညိုရာသီဥတုသက်ရောက်မှုကြောင့် ယခု ၂၀၁၆ခုနှစ်တွင် နိုင်ငံအဝှမ်းဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန် ပြည်ထောင်စုအစိုးရမှ ပြင်ဆင်ထားရန် မိတ္ထီလာမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဒေါက်တာမောင်သင်းက ဖေဖော်ဝါရီ ၂၂ရက် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းလိုက်သည်။

အယ်လ်နီညိုရာသီဥတုသက်ရောက်မှုကြောင့် ရေရှားပါးခြင်း၊ အပူချိန်မြင့်မားခြင်း၊ အစားအစာရှားပါးခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် မီးဘေးအန္တရာယ်တို့ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်ထောင်စုအစိုးရမှ ပြင်ဆင်ထားရန် ဒေါက်တာမောင်သင်းက အရေးကြီးအဆို တင်သွင်းလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေစနစ်တကျသုံးစွဲစေရန်၊ ရေလှောင်ကန်များကို စနစ်တကျသုံးစွဲရန်၊ သားငါးရိက္ခာများကိုလည်း စနစ်တကျထုတ်လုပ်ရန် ဒေါက်တာမောင်သင်းက အကြံပြုသည်။

ဒေါက်တာမောင်သင်း၏ အရေးကြီးအဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၉၁မဲ၊ ကန့်ကွက်မဲ ၉မဲနှင့် ကြားနေမဲ ၁၈မဲ ရရှိသည့်အတွက် ထောက်ခံမဲများသောကြောင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဆုံးဖြတ်လိုက်သည်။

ဒေါက်တာမောင်သင်း၏ အရေးကြီးအဆိုသည် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ဒုတိယမြောက်တင်သွင်းသည့် အရေးကြီးအဆိုတစ်ခုလည်းဖြစ်သည်။ ယခုလွှတ်တော်အတွင်း ပထမဆုံးအကြိမ်တင်သွင်းသော အရေးကြီးအဆိုမှာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများရပ်တန့်ရေး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags