အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံတွင် မြန်မာအမျိုးသမီးအသင်း သွားရောက်လေ့ကျင့်မည်

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံတွင် မြန်မာအမျိုးသမီးအသင်း သွားရောက်လေ့ကျင့်မည်

ဖေဖေါ်ဝါရီ ၂၁၊ ရန်ကုန်။            ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအကြိုပြင်ဆင်မှု အဖြစ် မြန်မာအမျိုးသမီးလက်ရွေးစင်   ဘောလုံးအသင်းသည် ဂျပန်နိုင်ငံသို့သွားရောက်နေထိုင်လေ့ကျင့်ရန် စီစဉ်ထားသည်။

မြန်မာအမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာရိုင်နာတာဝန်ယူကိုင်တွယ်နေ ပြီး အာဆီယံပြိုင်ပွဲမတိုင်မီ ဂျပန်နိုင်ငံတွင် နှစ်ပတ်ခန့်သွားရောက်လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့နည်းပြ ရော်ဂျာမရောက်လာခင်ကတည်းက ပြည်ပနိုင်ငံတစ်ခုကိုသွားလေ့ကျင့်ဖို့စီစဉ်ထားတာပါ။ တရုတ်၊ ဂျပန်ဘောလုံးအဖွဲ့ချုပ်တွေနဲ့ညှိုနှိုင်းပြီးအခု ဂျပန်ကိုသွားဖို့ရွေးချယ်ခဲ့တာပါ။ သွားမယ့်ကာလတော့ မသတ်မှတ်ရသေးပါဘူး။ နှစ်ပတ်လောက်တော့နေဖို့ရှိပါတယ်။ ဂျပန်ကလပ်အသင်းအချို့နဲ့ခြေစမ်းဖို့လည်းရှိပါတယ်။”ဟု မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း နည်းစနစ်ဒါရိုက်တာ ဦးအေးမောင်ကြီးကပြောသည်။

မြန်မာအမျိုးသမီးအသင်းမှာ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ချန်ပီယံနှစ်ကြိမ်ဖြစ်ဖူးပြီး ဒုတိယ သုံးကြိမ်ရဖူးသည်။ မြန်မာအမျိုးသမီးအသင်းနောက်ဆုံး ချန်ပီယံဖြစ်ခဲ့သောနှစ်မှာ ၂၀၀၇ခုနှစ်ဖြစ်ပြီး ကိုးနှစ်အတွင်း ချန်ပီယံဆု ထပ်မံရယူနိုင်ခြင်းမရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required