မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီနှင့် ထပ်မံဆွေးနွေးသွားလိုဟု ဟွန်ဆန် ပြော

By Khmer Times
12 October 2023
မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီနှင့် ထပ်မံဆွေးနွေးသွားလိုဟု ဟွန်ဆန် ပြော
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် တို့အားနေပြည်တော်၌တွေ့ရစဉ်(ပုံဟောင်း)

ငြိမ်းချမ်းရေး အကျိုးဆောင်ရန်အလို့ငှာ မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးသွားရန် ဆန္ဒရှိသည်ဟု ကမ္ဘောဒီးယား အာဏာရ ပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ပြောဆိုကြောင်း khmer Times သတင်းဌာနက ဖော်ပြသည်။

၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် ပဋိပက္ခစစ်ပွဲဒဏ်သင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တဦးတည်းသော အာဆီယံထိပ်တန်းခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။

အောက်တိုဘာ ၁၁ ရက်က ဖနွမ်းပင်ရှိ CPP ရုံးချုပ်တွင် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနှင့် တွေ့ဆုံစဉ် မစ္စတာ ဟွန်ဆန်၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဆမ်ဒက် တက်ချို ဟွန်ဆန် နဲ့ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တို့က မြန်မာနိုင်ငံကို အတူတကွ သွားရောက် လည်ပတ်ကြဖို့ သဘောတူခဲ့ကြတယ်” ဟု တွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက်တရပ်တွင် CPP က ပြောသည်။

ငြိမ်းချမ်းရေး အကျိုးဆောင်ရန် ကြိုးပမ်းသည့် “အရေးပါသည့် ပုဂ္ဂိုလ်” တဦးအဖြစ် ဟွန်ဆန်ကို မစ္စတာ ဆာဆာကာဝါက ချီးကျူးခဲ့သည်ဟု ဆိုသည်။ ကမ္ဘောဒီးယားသည် ယခင်အတိတ်ကာလက မြန်မာကဲ့သို့ပင် ဒုက္ခဆင်းရဲတို့ ခံစားခဲ့ရကြောင်း၊ သို့သော် မစ္စတာ ဟွန်ဆန်သည် ဆယ်စုနှစ်များကြာ ပြည်တွင်းစစ်ကို ငြိမ်းချမ်းမှုအဖြစ် ပြောင်းလဲပေးခဲ့ကြောင်း မစ္စတာ ဆာဆာကာဝါက ပြောခဲ့သည်ဟု khmer Times သတင်းဌာနက ဖော်ပြသည်။

သို့သော် မြန်မာနိုင်ငံသို့ သွားရောက်ရေးအတွက် ရက်အတိအကျကို နှစ်ဖက်စလုံးက ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required