ကမ္ဘောဒီးယားရွေးကောက်ပွဲအပေါ် ဝေဖန်သူများကို ဟွန်ဆန် ပြန်လည်ခွန်းတုံ့ပြန်

ကမ္ဘောဒီးယားရွေးကောက်ပွဲအပေါ် ဝေဖန်သူများကို ဟွန်ဆန် ပြန်လည်ခွန်းတုံ့ပြန်

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးတော့မည့် ဟွန်ဆန်က သူ၏ ပါတီ အနိုင်ရခဲ့သော ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့်ပတ်သက်ပြီး ဩဂုတ် ၃ ရက်တွင် ပြင်းထန်စွာ ပြန်လည်ခွန်းတုံ့ပြန်သွားခဲ့သည်။
ထို့ပြင် သူ၏ သားဖြစ်သူထံ ရာထူးအာဏာလွှဲပေးမည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း ဟွန်ဆန်က ခုခံပြောဆိုသွားပြီး ယင်းက သွေးထွက်သံယိုမှုတို့ မဖြစ်အောင် ရှောင်တိမ်းရန် လိုအပ်သဖြင့် ထိုဆုံးဖြတ်ချက်ကို ချခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတွင် ဆယ်စုနှစ် လေးစုနီးပါးကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သည့် အသက် ၇၀ နှစ်ရှိ ဟွန်ဆန်က ၎င်း ရာထူးမှ ဆင်းမည် ဖြစ်ကြောင်း၊ ယခုလထဲတွင် သားဖြစ်သူ ဟွန်မန်နက်က ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းရယူလိမ့်မည် ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ဖော်ကြေညာခဲ့သည်။

ပြီးခဲ့သည့်လက အဓိကအတိုက်အခံပါတီများ ပါဝင်ခွင့်မရသည့် ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က အပြတ်အသတ် အနိုင်ရခဲ့သည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်၊ တရားမျှတမှု မရှိဟု အမေရိကန်၊ ကုလသမဂ္ဂနှင့် အီးယူတို့က ပြစ်တင်ဝေဖန်သည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲ အာဏာပိုင်တို့သည် တစ်ခုတည်းသော အဓိက အတိုက်အခံပါတီကို စည်းမျဉ်းနှင့် မညီညွတ်၍ဟု ဆိုကာ ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခဲ့သည့်အတွက် CPP ပါတီက မဲရလဒ် ၈၂ ရာခိုင်နှုန်း အနိုင်ရကာ အမတ်နေရာ ၁၂၅ နေရာရှိသည့် အောက်လွှတ်တော်တွင် နေရာ ငါးနေရာမှလွဲ၍ ကျန်နေရာအားလုံးကို အနိုင်ရကြောင်း ထုတ်ဖော်ခဲ့သည်။

“ကမ္ဘောဒီးယားမှာ ဒီမိုကရေစီက အနိုင်ရခဲ့တယ်လို့ ကျွန်တော် ကြေညာနိုင်ပါတယ်” ဟု ဟွန်ဆန်က ရွေးကောက်ပွဲများအပြီး ဩဂုတ် ၃ ရက် ပထမဆုံးမိန့်ခွန်းတွင် ပြောသည်။ ဝေဖန်သူများသည် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးကို ကိုယ်စားမပြုကြောင်း ၎င်းက အခိုင်အမာ ဆိုသည်။

ထို့ပြင် သားဖြစ်သူ ဟွန်မန်နက်ထံ ရာထူးလွှဲပေးမှုကိုလည်း ၎င်းက ခုခံကာကွယ်ပြောဆိုသည်။ ထိုကဲ့သို့ ရာထူးလွှဲပြောင်းပေးမှု လုပ်ဆောင်ချက်က မြောက်ကိုရီးယားကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်သူတချို့က ပြောသည်။ အကယ်၍ မိမိ တာဝန်ထမ်းနေစဉ်အတွင်း သေဆုံးသွားခဲ့မည်ဆိုပါက နိုင်ငံတွင် ငြိမ်းချမ်းမှု ရှိစေရေး လိုအပ်၍ ထိုလုပ်ဆောင်ချက်ကို လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဟွန်ဆန်က ပြောသည်။

“ခုလို မဆုံးဖြတ်ဘူးဆိုရင် အာဏာရဖို့အတွက် သွေးထွက်သံယိုမှုတွေဆီ ဦးတည်သွားနိုင်ပါတယ်” ဟု ဟွန်ဆန်က ပြောသည်။ ဟွန်မန်နက် ရာထူးဆက်ခံမှုနှင့်ပတ်သက်၍လည်း ၎င်း၏ ပါတီ၏ အကြီးတန်းအဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှု မရှိကြောင်း ဟွန်ဆန်က ပြောသည်။

အသက် ၄၅ နှစ်ရှိ ဟွန်မန်နက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်ရန် တနင်္လာနေ့တွင် ဘုရင်ထံ ပန်ကြားသွားမည် ဖြစ်ကြောင်း ဟွန်ဆန်က ပြောသည်။ သို့မှသာ ဟွန်မန်နက်အနေဖြင့် ဩဂုတ် ၂၂ ရက် ပါလီမန်၌ အယုံအကြည် မဲပေးမှုတစ်ခုအတွက် အစိုးရသစ်တစ်ရပ်ကို ဖွဲ့နိုင်လိမ့်မည် ဖြစ်ကြောင်း ဟွန်ဆန်က ပြောသည်။

Cambodia's Hun Sen hits out at election critics
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly