ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရာထူးမှ ဆင်းမည်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရာထူးမှ ဆင်းမည်
Photo-AFP

ကမ္ဘာ့ သက်တမ်းအကြာဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံတွင် ဆယ်စုနှစ် လေးစုနီးပါးကြာ တရားသေအယူ စွဲကိုင် အုပ်ချုပ်ပြီးနောက် ယခုအခါ ရာထူးမှ ဆင်းပေးတော့မည် ဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားဖြစ်သူထံ အာဏာလွှဲပြောင်းပေးသွားမည်ဟု ဇူလိုင် ၂၆ ရက်တွင် ပြောသည်။

ခမာနီ အရာရှိဟောင်း ဟွန်ဆန်သည် နိုင်ငံတွင် ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်နေခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ အာဏာရယူမှုအပေါ် ဆန့်ကျင်အတိုက်အခံပြုသူအားလုံးကို ဖယ်ရှားရှင်းထုတ်ခဲ့သည် ဖြစ်ရာ ယင်းနိုင်ငံတွင် အတိုက်အခံပါတီများ ပိတ်ပင်ခံရခြင်း၊ ဟွန်ဆန်အပေါ် စိန်ခေါ်သူများ ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိန်းချုပ်ခံရခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) သည် အတိုက်အခံ မရှိသလောက် ယှဉ်ပြိုင်ရသည့် ပြီးခဲ့သည့် တနင်္ဂနွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး ဆန္ဒမဲ ၈၂ ရာခိုင်နှုန်း အနိုင်ရသည့်အတွက် ယင်းသည် ဝေဖန်သူတချို့က မြောက်ကိုရီးယားနှင့် ခိုင်းနှိုင်းသကဲ့သို့ အကြီးဆုံးသားဖြစ်သူထံ ရာထူးလွှဲပြောင်းမှုတစ်ခုအတွက် လမ်းခင်းပေးနေသည်။

“ကျွန်တော့်အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေတော့မှာ မဟုတ်ဘူးလို့ ကြေညာချင်ပါတယ်။ ဒီအပေါ်မှာလည်း ပြည်သူတွေဘက်က နားလည်ပေးကြဖို့ ကျွန်တော် ပန်ကြားလိုတယ်” ဟု အသက် ၇၀ နှစ်အရွယ် ဟွန်ဆန်က ရုပ်သံမှ ထုတ်လွှင့်သည့် မိန့်ခွန်းတစ်ရပ်တွင် ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရပါတီကို အဓိက စိန်ခေါ်မည့် အတိုက်အခံပါတီ Candlelight ပါတီကို စည်းကမ်းနှင့် မညီညွတ်၍ ဟု ဆိုပြီး ရွေးကောက်ပွဲ အာဏာပိုင်တို့က ပိတ်ပင်တားမြစ်ခဲ့သည်။ CPP အနေဖြင့် အောက်လွှတ်တော်အမတ်နေရာ ငါးနေရာမှ လွဲပြီး ကျန်နေရာအားလုံးကို အနိုင်ရမည်ဟု မျှော်လင့်ရသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ ရာခိုင်နှုန်း ၈၄ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ယင်းက နိုင်ငံ၏ “ဒီမိုကရေစီ ရင့်သန်မှု” ကို ပြသခြင်းဖြစ်သည်ဟု ကမ္ဘောဒီးယားအစိုးရက ပြောသော်လည်း ထိုရွေးကောက်ပွဲသည် လွတ်လပ်၊ တရားမျှတမှု မရှိဟု အမေရိကန်နှင့် အီးယူ အပါအဝင် အနောက်အင်အားကြီးနိုင်ငံများက ပြစ်တင်ဝေဖန်ကြသည်။

အသက် ၄၅ နှစ်ရှိ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ဟွန် မန်နက်က ဩဂုတ်လ ၂၂ရက် ညနေခင်းတွင် အစိုးရသစ်၏ အကြီးအကဲအဖြစ် ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းရယူလိမ့်မည် ဖြစ်ကြောင်း ဟွန်ဆန်က ပြောသည်။

“ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့် ဟွန် မန်နက်ကို ထောက်ခံအားပေးကြဖို့ ပြည်သူတွေကို ကျွန်တော် ပန်ကြားပါတယ်” ဟု ဟွန်ဆန်က ပြောသည်။

ဟွန်ဆန်သည် သားဖြစ်သူအား ရာထူးအာဏာလွှဲပေးမည့် ကိစ္စကို တစ်နှစ်ခွဲကြာ လမ်းကြောင်းဖော်လာခဲ့ပြီး ဟွန်မန်နက်သည် ပြီးခဲ့သည့် တနင်္ဂနွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွင် ဦးဆောင်နေရာမှ ပါဝင်ခဲ့သည်။

သို့သော် ဟွန်ဆန်က ၎င်းရာထူးမှဆင်းပေးပြီးနောက်တွင်လည်း နောက်ကွယ်မှ ဩဇာအရှိန်အဝါ ဆက်စွဲကိုင်ထားရန် ရည်ရွယ်ထားဆဲဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ပြသထားသဖြင့် နိုင်ငံသည် ဦးတည်ရာလမ်းကြောင်း ပြောင်းလဲနိုင်သည့် ဆိုသည့် ယူဆချက်ကို ပျက်ပြယ်စေသည်။

ဟွန်ဆန်က ဗုဒ္ဓဟူးနေ့ ကြေညာချက်တွင် ၎င်းအနေဖြင့် ဆိနိတ်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဘုရင်ဖြစ်သူ ပြည်ပတွင် ရောက်နေချိန် နိုင်ငံဦးသျှောင်အဖြစ် ဆောင်ရွက်နိုင်ကြောင်း ပြောသည်။

ဟွန်ဆန်၏ လက်အောက်တွင် ကမ္ဘောဒီးယားသည် တရုတ်နှင့် နီးနီးကပ်ကပ် ဆက်ဆံခဲ့ပြီး အမေရိကန်ကို သတိပေးတပ်လှန့်စေသည့် ရေတပ်အခြေစိုက်စခန်းတစ်ခု ပြန်လည်ဖော်ဆောင်မှု အပါအဝင် တရုတ်၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများမှ အကျိုးဖြစ်ထွန်းနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly