ဂျပန်ရောက် ရခိုင်လူမှုရေးအသင်းက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင် ကောက်ခံရရှိ 

By ကီရာ (မဇ္ဈိမ)
28 May 2023
ဂျပန်ရောက် ရခိုင်လူမှုရေးအသင်းက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင် ကောက်ခံရရှိ 
ပုံ_ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြင်တွေ့ရသည့် ကျောက်တော်မြို့ နေပူခံ စစ်ရှောင်စခန်းတစ်ခု

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဂျပန်ရောက် ရခိုင်လူမှုရေးအသင်းမှ ယန်း ၁၀ သောင်း မတည်ခဲ့ပြီး ဂျပန်ရောက် ရခိုင်လူမျိုးများ၏ပါဝင်လှူဒါန်းမှုများဖြင့် လက်ရှိတွင် မြန်မာငွေကျပ် သိန်း ၂၀၀ ဝန်းကျင်ရရှိထားကြောင်း သိရသည်။

“မြေပြင်ကို တိုက်ရိုက်ရောက်အောင် စီမံသွားမှာပါ။ အရင်က ကျနော်တို့ လှူဒါန်းခဲ့ဖူးတဲ့နေရာတွေလည်း ထိခိုက်ပျက်စီးတာတွေရှိလို့ အဲဒီနေရာတွေကိုပါ လှူဒါန်းနိုင်အောင် စီမံသွားမှာပါ။ ဒီနေရာမှာ ကယ်ဆယ် ရေးဆိုတာထက် ပြန်လည်နေရာချထားရေးကို ပိုပြီးဦးစားပေးလုပ်ဆောင်သွားမယ်။ နေရာတွေကတော့ အထိခိုက်အများဆုံးနေရာတွေဖြစ်တဲ့ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းပါ ခင်ဗျ” ဟု ရခိုင်လူမှုရေးအသင်း(ဂျပန်)ဥက္ကဋ္ဌ ဦးခင်မောင်ချင်းက ပြောသည်။
မုန်တိုင်း‌ဒဏ်သင့် ဒေသများအတွက် အလှူငွေကောက်ခံခြင်းများကို ယခုမေလကုန်အထိ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ပြီး အလှူငွေကောက်ခံမှုများပြီးစီးပါက ပြန်လည်နေရာချထားရေးအတွက်စတင်လုပ် ဆောင်တော့မည်ဖြစ်ကြောင်း ဦးခင်မောင်ချင်းက ဆက်လက်ပြောကြားသည်။

ရခိုင်လူမှုရေးအသင်း(ဂျပန်)ကို ၁၉၉၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ပရဟိတလုပ် ငန်းများလုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် ဂျပန်ရောက် ရခိုင်မိသားစု မိတ်ဆုံစားပွဲများ၊ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်း၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲများ၊ Golden week ခရီးစဉ်၊ နွေရာသီခရီးစဉ်၊ New year ခရီးစဉ် အပျော်ခရီးထွက်ပြီးရန်ပုံငွေရှာခြင်းများအပြင် ဂျပန် ရောက်စလူငယ်များ ငွေကြေးအခက်အခဲရှိပါက ယန်း ၅၀,၀၀၀ ကို အတိုးမဲ့ ခြောက်လချေးပေးခြင်းနှင့် ဂျပန်ရောက် ရခိုင်မိသားစုများ၏ သာရေးနာရေးများတွင် အလှူငွေကောက်ခံပေးခြင်းများကို လုပ်ဆောင် ပေးလျက်ရှိသည်ဟု သိရသည်။

ထို့ပြင် ပြည်တွင်း၌လည်း ရခိုင်သဟာယအသင်း(ရန်ကုန်)မှ နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ သုံးဦးကို ပညာသင်ထောက်ပံ့ကြေးပေးခြင်းနှင့် ပညာရေးဖောင်ဒေးရှင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများ တွင် အဆောက်အအုံနေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအတွက် ဆန်အိတ်များလှူဒါန်းပေးခြင်းများကို လုပ် ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly