မြန်မာတွင် အကူအညီများကို ကန့်သတ်ခြင်းများ ရှိနေဆဲဟု USAID သတိပေး

မြန်မာတွင် အကူအညီများကို ကန့်သတ်ခြင်းများ ရှိနေဆဲဟု USAID သတိပေး
Photo: UNICEF

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ရသော ပျက်စီးမှုများအပါအဝင် မြန်မာနိုင်ငံ၌ ပြည်သူသန်းပေါင်းများစွာသည် လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့များ အလွန်တရာ လိုအပ်လျက် ရှိနေသည်။

ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်း သက်ရောက်ခဲ့ရာ ပြည်သူများသို့ အရေးကြီးသော အကူအညီ အထောက်အပံ့များ ပေးပို့မှုတွင် ဝင်ရောက်ခွင့် ကန့်သတ်ချက်များကြောင့် ကြန့်ကြာစေမှုများ ဖြစ်စေသည်ဟု အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ( USAID )ကို ကိုးကားပြီး ကမ္ဘာတစ်လွှား လူသားချင်း စာနာထောက်ထားရေး သတင်းအချက်အလက် ထုတ်ပြန်ရာ ReliefWeb က ဇူလိုင် ၁၉ ရက်တွင် ဖော်ပြသည်။

ထိုပြင် ဇန်နဝါရီ ၁ ရက်မှ မေ ၁၆ ရက်ကြား မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှု ၁၄၀ ခန့်နှင့် အခြား မတော်တဆမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် သက်ရောက်နေပြီး များစွာသော ကျန်းမာရေးဌာနများ ပိတ်ရကာ မရှိမဖြစ် ဆေးဝါးကုသရေးအတွက် ပြည်သူများမှာ ကန့်သတ်တားဆီး ခံနေရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်က ဒေသတွင်း အကျပ်အတည်း တုံ့ပြန်နိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် ထောက်ပံ့မည်ဟု အမေရိကန်အစိုးရက ဇူလိုင် ၁၃ ရက်တွင် ကြေညာထားသည်။

ယခုနှစ်၌ လူသားချင်း စာနာထောက်ထားရေး အကူအညီ လိုအပ်နေသည့် ပြည်သူ ၄ ဒသမ ၅ သန်းရှိကြောင်း ကုလသမဂ္ဂက ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားသည်။ ၂၀၂၁ ဖေဖော်ဝါရီမှ စတင်ပြီး နေရပ်ရွှေ့ပြောင်းရသူ ၁ ဒသမ ၆ သန်းရှိပြီး ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်ဦးရေက ၉၆၂,၀၀၀ ခန့် ရှိကာ ၇ ဒသမ ၉ သန်းက မိုခါမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံစားရကြောင်း ယူနီဆက်ဖ်က ယခုနှစ် ဇွန်လ၌ ထုတ်ပြန်သည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှစကာ အရပ်သားများအပေါ် ထင်ရာစိုင်း တိုက်ခိုက်မှုများ အကြီးအကျယ် ကျူးလွန်လျက် ရှိသည်။ စစ်အာဏာသိမ်း စစ်ကောင်စီက အရေးပေါ် အခြေအနေ တစ်နှစ် ကြေညာကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အရပ်သားအစိုးရ တာဝန်ရှိသူများကို ဖမ်းဆီးသည်။ အရေးပေါ် အခြေအနေကိုလည်း ၂၀၂၃ ဩဂုတ်လအထိ သက်တမ်းထပ်တိုးထားသည်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ အရှိန်မြင့်နေခြင်းကြောင့် နေရပ်ရွှေ့ပြောင်းမှုများနှင့် လူသားချင်း စာနာထောက်ထားရေး လိုအပ်ချက်များသည် နိုင်ငံ၏ အရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့အပါအဝင် ကချင်နှင့် ရှမ်းပြည်နယ်တို့ တိုး၍ ဖြစ်ပွားနေသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly