ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ပြစ်တင်ပြောဆိုခံရမှုအပေါ် တရုတ်အစိုးရက ဂျပန်သံအမတ်ကို ဆင့်ခေါ် ကန့်ကွက်

ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ပြစ်တင်ပြောဆိုခံရမှုအပေါ် တရုတ်အစိုးရက ဂျပန်သံအမတ်ကို ဆင့်ခေါ် ကန့်ကွက်

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် သီတင်းပတ်ကုန်က ကျင်းပခဲ့သော ဂျီ-၇ ထိပ်သီးအစည်းအဝေး၌ တရုတ်နှင့်ပတ်သက်သောကိစ္စရပ်များအား ပုံကြီးချဲ့ပြောဆိုသည်ဟုဆိုကာ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်ခဲ့သည်။ 

အာရှ-ပစိဖိတ်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ဂျီ-၇ ခေါင်းဆောင်များက တရုတ်နိုင်ငံအား သတိပေးခဲ့ပြီး တရုတ်နှင့် အပြုသဘောဆောင်ပြီး တည်ငြိမ်သောဆက်ဆံရေးကို လိုလားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ပါဝင်သော Quad အဖွဲ့ခေါင်းဆောင်များကလည်း အင်ဒို-ပစိဖိတ်ပင်လယ်ပြင်ပိုင်နက်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တောင်းဆိုကာ တရုတ်အား ခပ်ပါးပါး ဝေဖန်ပြောဆိုခဲ့ကြသည်။

အင်အားသုံးခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းဖြင့် လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးပမ်းသည့် မတည်မငြိမ်ဖြစ်စေမှုသို့မဟုတ် တစ်ဖက်သတ်လုပ်ဆောင်မှုများကို မိမိတို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဂျီ-၇ ၏ ထုတ်ပြန်ချက်တွင် သံတမန်နည်းလမ်းဖြင့် ဝေဖန်ပြောဆိုခဲ့ပြီး ဆင်းရဲနွမ်းပါးသောနိုင်ငံများအပေါ် လက်ဝါးကြီးအုပ်သည့် တရုတ်၏စီးပွားရေးဗျူဟာများနှင့် ပစိဖိတ်ဒေသတွင် စစ်ရေးချဲ့ထွင်မှုတို့ကို ရန်ညွှန်းပြောဆိုဟန်ရှိသည်။

တရုတ်နိုင်ငံ၏ ဒု-နိုင်ငံခြားရေးဝန်ကြီး ဆန်းဝေတုန်က ဂျပန်နိုင်ငံသည် တရုတ်၏ပြည်တွင်းရေးကို နှောင့်ယှက်လျက် တရုတ်ကို အပုပ်ချတိုက်ခိုက်ရန် အစည်းအဝေးတွင် ပူးတွဲကြေညာချက်များ ထုတ်ပြန်ကာ အခြားနိုင်ငံများနှင့် ပူးပေါင်းလျက်ရှိကြောင်း မေလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

“ဂျပန်ရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတို့ကို ထိခိုက်ပျက်ပြားစေပါတယ်။ တရုတ်အနေနဲ့ အဲဒီလုပ်ရပ်တွေကို လုံးဝမကျေနပ်ဘဲ အပြင်းအထန် ကန့်ကွက်ပါတယ်။ ဂျပန်အနေနဲ့ တရုတ်အပေါ်နားလည်ထားမှုကို ပြန်လည်တည့်မတ်သင့်ပြီး ဗျူဟာမြောက်လုပ်ပိုင်ခွင့်တွေကို လုပ်ဆောင်သင့်ပါတယ်။ အပြုသဘောဆောင်တဲ့ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်သင့်ပါတယ်” ဟု ဆန်းဝေတုန်က ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်က  တရုတ်နိုင်ငံသည် လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် ကမ္ဘာ့အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အခြားထိပ်တန်း စီးပွားရေးနိုင်ငံများအနေဖြင့် တရုတ်နှင့် ဆက်ဆံရေးမဖြတ်သင့်ကြောင်း မေ ၂၁ ရက်က ဟီရိုရှီးမား တွင်ကျင်းပသော ဂျီ-၇ ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ 

ဂျီ-၇ ထိပ်သီးအစည်းအဝေးပွဲအား တရုတ်ဆန့်ကျင်ရေးအခမ်းအနားတစ်ခုအဖြစ် မရှုမြင်သင့်ကြောင်း ပြင်သစ်က သတိပေးထားချိန်မှာ တရုတ်နှင့်ဆက်ဆံရေးဖြတ်တောက်ခြင်းထက် ကိုယ့်ကိုယ်ကို ထိခိုက်မှုနည်းပါးအောင် လုပ်ဆောင်ကြရန် ဂျီ-၇ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ရီရှီဆူးနက်သည် ကမ္ဘာ့နိုင်ငံများအပေါ် တရုတ်၏ခြိမ်းခြောက်မှုကို ဖော်ပြရာတွင် ထိပ်သီးအစည်းအဝေး ကြေညာချက်တစ်ခုထက်ပင် ပိုမိုဝေဖန်ခဲ့သည်။

“ဂျီ-၇ နဲ့ တခြားနိုင်ငံတွေအနေနဲ့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ အားနည်းချက်တွေ နည်းပါးအောင်နဲ့ မိမိတို့ကိုယ်ကို အန္တရာယ်ဖြစ်မှုနည်းပါးအောင် လုပ်ဆောင်ပြီး ရန်လိုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ကာကွယ်ဖို့ လိုအပ်တဲ့ အဆင့်တွေကို လိုက်နာကာ အချင်းချင်း မထိခိုက်စေတဲ့နည်းလမ်းနဲ့ အတူတကွ လုပ်ဆောင်ရပါမယ်” ဟု ဆူးနက်က မေလ ၂၁ ရက်က ပြောကြားခဲ့သည်။

တရုတ်-ဗြိတိန် ဆက်ဆံရေးကို ထပ်မံမထိခိုက်စေရန် တရုတ်နိုင်ငံအား အသရေဖျက်ခြင်းနှင့် ဝေဖန်ပြောဆိုခြင်းများ ရပ်တန့်ရန် ဗြိတိန်အစိုးရအား တောင်းဆိုကြောင်း ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

China summons Japanese ambassador over ‘smears’ at G7 summit
Source: https://www.theguardian.com/world/2023/may/22/china-summons-japanese-amb...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly