အရုပ်သေနတ်ကိုင်ထားသည့် လူမည်းတစ်ဦးကို အိုဟိုင်းယိုရဲများ ပစ်ခတ်၍ သေဆုံး

အရုပ်သေနတ်ကိုင်ထားသည့် လူမည်းတစ်ဦးကို အိုဟိုင်းယိုရဲများ ပစ်ခတ်၍ သေဆုံး

အိုဟိုင်းယို၊ ဖေဖော်ဝါရီ ၂၀ ။            ။ အမေရိကန်နိုင်ငံတွင် အစစ်နှင့် မခြားတူသည့် အရုပ်ပစ္စတိုသေနတ်ကိုင်ဆောင်ထားသူ လူမည်းတစ်ဦးအား အိုဟိုင်းယိုပြည်နယ်ရဲသုံးဦးက မှားယွင်းပစ်ခတ်၍ သေဆုံးမှုဖြစ်ပွားသည်။

ဖေဖော်ဝါရီ ၁၇ ရက် နေ့လည်ပိုင်းက ချီဗွိုက်မြို့အတွင်း အသက် ၃၇ နှစ်အရွယ် ပေါလ်ဂက်စ်စတွန်ဆိုသည့် လူမည်းအမျိုးသားကို ခါးကြားမှ သေနတ်အစစ် ဆွဲထုတ်သည့် အထင်ဖြင့် ရဲက ပစ်ခတ်မိခြင်းဖြစ်ကြောင်း ရဲဌာနတာဝန်ရှိသူ အစ်ဆက်က ပြောကြောင်း ပရက်စ်တီဗီသတင်းတွင် ဖေဖော်ဝါရီ ၂၀ ရက်က ဖော်ပြသည်။

ရဲက မြေတွင်လှဲချရန် အမိန့်ပေးနေခြင်းကို ပေါလ်က ငြင်းဆန်ပြီး ထလာခြင်းဖြစ်ကြောင်း အက်ဆစ်က ပြောသည်။ မျက်မြင်များ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်နှစ်ခုကိုလည်း ရဲထုတ်လွှင့်ခဲ့သည်။
အက်ဆစ်က ပေါလ်ကိုင်ဆောင်ထားသည့် သေနတ်က တကယ့်အစစ်နှင့် လုံးလုံး တူနေသည်ဟု ပြောသည်။ သို့သော်လည်း ပြည်နယ်ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်ရှိထားခြင်းကို ၎င်းက လုံးလုံးမျက်ကွယ်ပြုကာ ပြောနေခြင်းဖြစ်သည်။

ပေါလ်ပစ်ခတ်ခံရချိန်က ၎င်းလက်ထက်တွင် သေနတ်မရှိနေကြောင်း ဌာနေသတင်းရင်းမြစ်များက ဖော်ပြသည်။ သို့သော်လည်း အသက် အန္တရာယ်အတွက် တာဝန်ရှိသူများအနေဖြင့် ပစ်ခတ်လိုက်ရခြင်းဖြစ်ကြောင်း ရဲဌာနက ပြောခဲ့သည်။

ယခုဖြစ်ရပ်ကို လက်ရှိတွင် စတင်စစ်ဆေးလျက်ရှိနေပြီဖြစ်သော်လည်း ပေါလ်အား ပစ်ခတ်ခဲ့သည့် ရဲတာဝန်ရှိသူများဖက်က ရဲဌာနက ရပ်တည်လျက်ရှိနေသည်။

အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ရဲများ မှားယွင်းပစ်ခတ်မှုပေါင်း ၁၀၀၀ နီးပါးဖြစ်ပွားခဲ့ပြီး ယင်းအနက် ပစ်ခတ်မှု ၉၀ ခုမှာ လက်နက်မကိုင်ထားသူများကို ပစ်ခတ်မိကြခြင်းဖြစ်ကြောင်း ဝါရှင်တန်ပို့စ်သတင်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required