ချင်းပြည်နယ်အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ခွဲတမ်း ၁၀ ဘီလီယံ ရရှိထားသော်လည်း ချေးယူ မည့်သူ မရှိသေး

ချင်းပြည်နယ်အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ခွဲတမ်း ၁၀ ဘီလီယံ ရရှိထားသော်လည်း ချေးယူ မည့်သူ မရှိသေး

ဩဂုတ် ၂၃

ဟားခါး(မဇ္ဈိမ)။ ။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ မှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအတွက်ဟုဆိုကာ ချင်းပြည်နယ်မှ ခွဲတမ်း ၁၀ ဘီလီယံရရှိထားသော်လည်း လက်တလောချေးယူမည့်သူမရှိသေးဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က နေပြည်တော် တွင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို ဆင့်ခေါ်ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ရာတွင် ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တို့တွင် မြစိမ်းရောင်စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၁၀ ဘီလီယံ ပေးအပ်ခဲ့သည်။

“ ထွေအုပ်ရုံးတွေမှာ ဘာသာရေးဆရာတော်တွေ၊ မြို့မိမြို့ဖတွေနဲ့ လုပ်ငန်းရှင်တွေ ခေါ်ပြီးတော့ ချပြ တယ်ပေါ့။ စစ်ကောင်စီကနေပြီးတော့ စီးပွားရေးကုစားဖို့အတွက် ချင်းပြည်နယ်အတွက် ၁၀ ဘီလီယံ ရ ထားတယ်။ ဒါကို မြို့နယ်အလိုက်ခွဲပေးမယ်၊ ဘယ်သူတွေချေးချင်လဲပေါ့။ ဘာတွေလုပ်ချင်လဲဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် ဘယ်သူမှ မချေးရဲကြဘူး။ လူငယ်တွေ (CDF တွေ)က တင်ဒါလုပ်ငန်းတွေတောင် တားမြစ်ထားကြတာလေ။ ကြောက်ကြတာပေါ့။ တစ်ချို့ကလည်း ချေးချင်ကြတယ်” ဟု အဆိုပါအစည်း ဝေးကို တက်ရောက်ခဲ့သည့် ဟားခါးဒေသခံတစ်ဦးကပြောသည်။

မြစိမ်းရောင်စီမံကိန်းဆိုသည်မှာ ကျေးလက်ဒေသများတွင် နွမ်းပါးသူများ အလုပ် လုပ်ကိုင်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်ရည်ရွယ်ပြီး ကျေးရွာပေါင်း ၁၁,၆၄၃ ရွာတွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သန်း ၃၀ မတည်ပေးပြီး၊ တိုးပွားလာသောငွေများအား ကျေးရွာရန်ပုံငွေ အဖြစ်ထားရှိ၍ ကျေးရွာပြည်သူများထံ ပြန်လည်ထုတ်ချေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ နှစ်အလိုက်ကျေးရွာများကို ထပ်တိုးဆောင်ရွက်ခြင်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူအကောင်အထည် ဖော်သည့်လုပ်ငန်းဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ်အတွင်း မည်သည့်တင်ဒါလုပ်ငန်းများမှ လုပ်ကိုင်နိင်ခြင်းမရှိဘဲ ရပ်နားထားရ ပြီး အချို့တင်ဒါအောင်ထားသည့်ကုမ္ပဏီများလည်း လုပ်ငန်းမလုပ်နိုင်သည့်အတွက် ငွေပြန်အပ်ကြသည် ဟု သိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#ချင်းပြည်နယ်

#မြစိမ်းရောင်စီမံကိန်း

#နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ

#စီးပွားရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required