မြန်မာ ချေးငွေစည်းမျဉ်းအတွက် ပူပန်စရာ မရှိဟု ထိုင်း ပြော 

မြန်မာ ချေးငွေစည်းမျဉ်းအတွက် ပူပန်စရာ မရှိဟု ထိုင်း ပြော 
Photo - AFP

ဇူလိုင် ၂၂

မြန်မာနိုင်ငံတွင် တစ်စစလျော့ပါးလာသော နိုင်ငံခြားအရန်ငွေ တိုးပွားရေး လုပ်ဆောင်မှုများမှ နောက်ဆုံး လုပ်ဆောင်ချက်အဖြစ် ဗဟိုဘဏ်သည် ကုမ္ပဏီများနှင့် ပုဂ္ဂလိက ချေးငှားသူများအား နိုင်ငံခြားကြွေးမြီ ပြန်ဆပ်ချေမှုကို ရပ်ဆိုင်းထားရန် အမိန့်ထုတ်ညွှန်ကြားခဲ့သည်။ 

အဆိုပါ ချေးငွေစည်းမျဉ်းသည် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအပေါ် သိသာစွာ သက်ရောက်ဖြစ်ဖွယ် မရှိဟု ထိုင်းအမျိုးသား ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ ကောင်စီ TNSC က ပြောသည်။ 

ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံထံ ကုန်တင်ပို့သည် ထိုင်းနိုင်ငံ စုစုပေါင်း ကုန်တင်ပို့မှု၏ ၁ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံဖိုးသာ ယမန်နှစ်က ရှိခဲ့ရာ မြန်မာနိုင်ငံ၏ နိုင်ငံခြားချေးငွေ ပြန်ဆပ်မှု လုပ်ငန်းစဉ်၏ သက်ရောက်မှုသည် သာမညသာ ဖြစ်လိမ့်မည်ဟု TNSC ဥက္ကဋ္ဌ ချိုင်ချန် ချာရီအွန်ဆတ်က ပြောသည်။ 

မြန်မာသို့ ထိုင်းက တင်သွင်းသော အဓိက ပို့ကုန်များမှာ ချက်လုပ်ပြီး ရေနံ၊ အဖျော်ယမကာ၊ ဓာတုပစ္စည်း၊ ကော်စေ့၊ သံမဏိထုတ်ကုန်၊ အလှကုန်ပစ္စည်း၊ ဆပ်ပြာနှင့် အသားအရေထိန်းသိမ်းရေး ထုတ်ကုန်များ ဖြစ်သည်။ 

မြန်မာနိုင်ငံက ချမှတ်သော စည်းမျဉ်းသည် နယ်စပ်ကုန်သွယ်ရေးအပေါ်လည်း သက်ရောက်မှု မဖြစ်နိုင်ကြောင်း၊ ထုတ်ကုန်များ မတင်ပို့မီ အများစုကို ငွေသားပေးချေမှုဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းကြောင့်ဖြစ်ကြောင်း ချိုင်ချန်က ပြောသည်။ 

“အခု ပိုပြီး စိုးရိမ်စရာ ရှိတာကတော့ မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာမှာ ကျင့်သုံးခဲ့တဲ့ တင်းကျပ်တဲ့ သွင်းကုန်မူဝါဒပဲ ဖြစ်တယ်၊ အဲဒါကြောင့် နိုင်ငံဆီ ကုန်စည်တင်ပို့ရာမှ အဆင်မပြေမှုတွေ ဖြစ်နေရတယ်”ဟု ၎င်းက ပြောသည်။ 

ထိုင်းပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဘတ်ငွေအားနည်းခြင်းနှင့် ဂျီဒီပီ ဖွံ့ဖြိုးမှုတွင် တရုတ်၏ မျှော်လင့်စရာရှိသော အားဖြည့်မှုတို့အားဖြင့် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း စံချိန်တင် အမြတ်အစွန်းရနိုင်သည်ဟု TNSC အနေဖြင့် ဆက်လက်ယုံကြည်ထားကြောင်းလည်း ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံသည် ဒေါ်လာဖြင့် ချေးငွေပေးဆပ်မှုအပေါ်သာ ပစ်မှတ်ထားခြင်း ဖြစ်၍ ကုန်စည်၊ အစားအစာနှင့် နေ့စဉ်သုံးထုတ်ကုန်များ ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာဖြင့် ပေးချေမှုကို ခွင့်ပြုထားဆဲ ဖြစ်သည်ဟု ထိုင်းကုန်သွယ်ရေးအဖွဲ့ တက္ကသိုလ်မှ နိုင်ငံတကာကုန်သွယ်ရေးသုတေသနဌာန ညွှန်ကြားရေးမှူး အက် ပီဆန်ဝါနစ်က ပြောသည်။ 

“ထိုင်းပို့ကုန်အပေါ် သက်ရောက်မှုက နည်းပါးပါလိမ့်မယ်၊ မြန်မာဆီ ထိုင်းရဲ့ ကုန်စည်တင်ပို့မှုဟာ ပြီးခဲ့တဲ့ ငါးလမှာ တိုးမြင့်လာပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required