ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ကြေညာ

By 001 (မဇ္စျိမ)
21 August 2023
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ကြေညာ

ခွင့်ပြုချက်၊ လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် က ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ဗဟိုဘဏ်က ၂၀၁၄ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၁၅ တွင် ပြည်တွင်း၌ နေထိုင်သူတဦးဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ သို့မဟုတ် ထို့ထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ  ခြောက်လအတွင်း ကိုင် ဆောင်ခွင့်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ခြောက်လကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ် ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်း သို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး လိုင်စင်ရရှိသူများအနေဖြင့်လည်း နိုင်ငံခြားငွေ ငွေ သားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်း ဆိုထားသည်။

စစ်ကောင်စီက ရည်ညွှန်းထားသည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတွင် လိုင်စင်မရှိဘဲ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ပါက သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

တဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီများကိုလည်း အမိန့်နှင့် ညွှန်ကြားချက် လိုက်နာမှုမရှိဟုဆိုကာ လိုင်စင်ရုပ်သိမ်းခြင်းများ ပြုလုပ် နေကာ ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ကုမ္ပဏီ ၁၃ ခုကို လိုင်စင်ရုပ်သိမ်းခဲ့သည်။

အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာနေပြီး ယနေ့တွင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၃,၈၀၀ ကျော်ပေါက်ဈေးရှိနေကြောင်း သိရသည်။

နိုင်ငံခြားငွေ လဲလှယ်နှုန်းများနှင့်ပတ်သက်ပြီး အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် ဈေးနှုန်းတက်ရန် ရေးသားပြောဆိုမှုများ အပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန်ဆောင်ရွက်မှုများကို အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဩဂုတ် လ ၁၉ ရက်နေ့က ခြိမ်းခြောက်ပြောဆိုထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required